COVID-19 ကပ်ဘေးဟာ လူတန်းစားမရွေး ဘဝအသီးသီးပေါ် ဂယက်ရိုက်နေတာ အားလုံးပဲ အသိဖြစ်ပါတယ်။ အလုပ်တွေ အိမ်ကနေပဲ လုပ်နေတာကနေ မတွေ့ရတာ ကြာပြီဖြစ်တဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကို Screen တွေပေါ်ကနေပဲ မြင်ရတဲ့အထိ နေမှုပုံစံတွေ ပြောင်းလဲကုန်ပါတယ်။

ကိုဗစ်ပြီးသွားရင်လည်း လူတွေဟာ သတိဝီရိယနဲ့ သွားရလာရဦးမှာပါ။ အပြင်မထွက်ရတာ ကြာလို့ ခရီးထွက်မယ်ဆိုရင်တောင် အရင်လိုပုံစံနဲ့ ခရီးသွားလို့ ရတော့မှာ မဟုတ်ပါဘူး။ ဒါဆို COVID-19 ကြီး ပြီးသွားလို့ ခရီးသွားရင် ဘယ်လိုဖြစ်လာမလဲဆိုတာ ခန့်မှန်းကြည့်ရအောင်ပါ။

(၁) ကျန်းမာရေးသတိပေးချက်တွေ ပိုများလာမယ်

Photo: Freepik

အရင်ကလိုမျိုး ခရီးသွားမယ်ဆို အထုပ်ဆွဲပြီး ကားပေါ် ရထားပေါ် တက်သွားလို့ မရတော့ပါဘူး။ ကိုယ်အပူချိန်တိုင်းတာတွေ ၊ မဖြစ်မနေ Mask တပ်ဖို့တွေ ပါလာပါလိမ့်မယ်။ နိုင်ငံရပ်ခြားခရီးတွေမှာဆို အမြန်ဆေးစစ်တာမျိုးတွေအထိ လုပ်ဆောင်လာနိုင်ပါတယ်။

(၂) လေကြောင်းခရီးစဉ်တွေ နည်းလာနိုင်ပါတယ်

Photo: Freepik

ကိုဗစ်ကာလမှာ ခရီးသွားဝန်ဆောင်မှုတွေဟာ အထိနာဆုံးစီးပွားရေးလုပ်ငန်းတွေ ဖြစ်ပါတယ်။ လေကြောင်းလိုင်းအများအပြား ခရီးစဉ် ရပ်နားခဲ့ရခဲ့ပြီး ကပ်ဘေးအလွန်မှာလည်း လူတွေဟာ လေဆိပ်တွေမှာ ရောဂါမကူးစက်အောင် ကာကွယ်မှု အားနည်းပြီး တကျော့ပြန်ကူးစက်မှု ဖြစ်လာမှာကို စိုးရိမ်စိတ် ရှိနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သရွေ့ လေယာဉ်နဲ့ ခရီးမသွားဘဲ ကိုယ်ပိုင်ကားတို့ ၊ လူနည်းနည်းစုပြီး ကားငှားသွားတာတို့ ပိုလုပ်ဆောင်နိုင်ပါတယ်။

(၃) ကုန်ကျစရိတ် ပိုများလာမယ်

Photo: Freepik

COVID-19 အပြီး ခရီးသွားမယ်ဆိုရင် ပိုပြီး အကုန်အကျများလာနိုင်ပါတယ်။ ခရီးသွားအာမခံ မလုပ်ရသူတွေအတွက် အာမခံထားဖို့ စည်းကမ်းချက်တွေ ၊ တစ်ကိုယ်ရည် ကျန်းမာ‌ရေးအကာအကွယ်တွေ နဲ့ သန့်ရှင်းရေးပစ္စည်းတွေ ထပ်ပြီးလည်း ဝယ်ရနိုင်ပါတယ်။ ခရီးသွားမြို့တွေရဲ့ စားသောက်ဆိုင်နဲ့ ထင်ရှားကျော်ကြားတဲ့ နေရာတွေမှာ ဈေးနှုန်းတွေ တက်လာနိုင်ပါတယ်။