မေလ (၁၁) ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ် LA ဂလက်ဆီအသင်းနဲ့ ယူးယောက်စီးတီးအသင်းတို့ပွဲစဉ်မှာတော့ LA ဂလက်ဆီအသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ပြိုင်ဘက်အသင်းရဲ့ ဂိုးသမားကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မိတဲ့အတွက် ပြစ်ဒဏ်ပေးခြင်းခံခဲ့ရတယ်လို့သိရပါတယ်။ အသက် (၃၇) နှစ်အရွယ် ဆွီဒင်နိုင်ငံသား ဂန္တဝင်တိုက်စစ်ကစားသမားကြီး အီဘရာဟီမိုဗစ်ကတော့ အဆိုပါပွဲစဉ်မှာ ဒေါသအလျောက် ပြိုင်ဘက်နယူးယောက်စီးတီး အသင်းရဲ့ ဂိုးသမားဖြစ်သူ အသက် (၂၉) နှစ်အရွယ် ဂိုးသမားဂျွန်ဆင်ကို လည်ပင်းညှစ်ခဲ့တာကြောင့် ပြစ်ဒဏ်အနေနဲ့ ပွဲစဉ် (၂) ပွဲပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

Source : The Athletic

အဆိုပါပွဲစဉ်မှာရဲ့ ပွဲချိန် (၈၆) LA ဂလက်ဆီကစားသမား ခရစ္စပွန်းတီးယက်စ်ရဲ့ ဂိုးသွင်းကန်ချက်ဟာ အနည်းငယ်လွဲချော်ပြီး ဘားတန်းပေါ်က ကျော်သွားခဲ့ချိန်မှာတော့ LA ဂလက်ဆီအသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်နဲ့ နယူးယောက်စီးတီးအသင်းရဲ့ ဂိုးသမားဂျွန်ဆင်တို့ ခန္ဓာကိုယ်ချင်းတိုက်မိခဲ့ကြပြီး အီဘရာဟီမိုဗစ်က ဂိုးသမားဂျွန်ဆင်ရဲ့ လည်ပင်းကိုရုတ်တရက် ဖမ်းညှစ်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီရုန်းရင်းဆန်ခတ်အနည်းငယ်ဖြစ်ပြီးတဲ့နောက်မှာတော့ နယူးယောက်စီးတီးဂိုးသမားဂျွန်ဆင်မြေကြီးပေါ်လှဲချခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီး ခရစ္စပန်ဆိုရောက်ရှိလာခဲ့ပြီး ကစားသမား(၂) ဦးစလုံးကို အဝါကတ်ပြသခဲ့တာ ဖြစ်ပါတယ်။

Source : Hudson River Blue

ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ မေဂျာလိဂ်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူတွေအနေနဲ့ အီဗရာဟီမိုဗစ်ရဲ့ လုပ်ရပ်ဟာကစားသမားကောင်းတစ်ယောက် မပီသခဲ့တဲ့အတွက် အဝါကဒ်ပြားအပြင် (၂) ပွဲပယ်ပြစ်ဒဏ်ထပ်မံ ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ ပွဲပယ်ပြစ်ဒဏ်ကြောင့် LA ဂလက်ဆီအသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ လာမယ့် တနင်္ဂနွေမှာယှဉ်ပြိုင်ကစားမယ့် ကော်လိုရာဒိုရက်ပစ်နဲ့ အိမ်ကွင်းပွဲစဉ်ရယ် ၊ နောက်ထပ် မေလ (၂၄) ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် အော်လန်ဒိုစီးတီးနဲ့ အဝေးကွင်းပွဲစဉ်ကိုပါ လွဲချော်သွားခဲ့ရပြီဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ LA ဂလက်ဆီအသင်းဟာ နယူးယောက်စီးတီးအသင်းကို (၀-၂) ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့ပါတယ်။

Source : Eurosport