ဒန်နီယယ်ခရေ့ချ်ရဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကောင်စရိုက်ကို လွှဲပြောင်းသရုပ်ဆောင်ဖြစ်တော့မှာ မဟုတ်ဘူးလို့ ဗြိတိန်ရုပ်ရှင်မင်းသား အိုင်ဒရစ် အယ်လ်ဘာက အတည်ပြုလိုက်ပါတယ်။

အိုင်ဒရစ်အယ်လ်ဘာဟာ နောက်အသစ်ထွက်လာမယ့် ဂျိမ်းစ်ဘွန်းကားမှာ 007 မင်းသားအဖြစ် ဦးဆောင်သွားမယ်လို့ အစောပိုင်းက သတင်းတွေ ထွက်ခဲ့တာပါ။ သူ့ရဲ့ Netflix ရုပ်ရှင်သစ် The Harder They Fall ကားရုံတင်အခမ်းအနားမှာ သတင်းထောက်တွေနဲ့ အင်တာဗျူးလုပ်ခဲ့ပါတယ်။ အိုင်ဒရစ် အယ်လ်ဘာအနေနဲ့ အသစ်ထွက်မယ့် ဂျိမ်းစ်ဘွန်းမင်းသားဖြစ်လာမလားဆိုတဲ့ မေးခွန်းကို “ကျွန်တော် ဂျိမ်းစ်ဘွန်းဖြစ်လာမှာမဟုတ်ပါဘူး” လို့ ဖြေဆိုခဲ့ပါတယ်။

Idris Elba

Photo: Cinemablend

အသက် ၄၉ နှစ်အရွယ် မင်းသားအယ်လ်ဘာအနေနဲ့ နောက်ပိုင်းမှာ ဒီဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖို့လည်း ရှိနိုင်ကြောင်း စကားဖွင့်ထားပါတယ်။ “ဘယ်သူက မလုပ်ဘဲနေပါ့မလဲ။ လူမည်းဂျိမ်းစ်ဘွန်းတစ်ယောက် သရုပ်ဆောင်ဖို့ဆိုတာ ဘယ်လောက်အံ့ဩဖို့ကောင်းလိုက်သလဲ။” လို့ သူက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်အတန်ကြာကတည်းက အယ်လ်ဘာဟာ နောက်ဆုံးဂျိမ်းစ်ဘွန်းမင်းသား ဒန်နီရယ်ခရေ့ချ်နေရာ အစားဝင်မယ်လို့ ရုပ်ရှင်လောကသားတွေကရော ပရိသတ်တွေကပါ ထင်ကြေးပေးခံထားရတဲ့ မင်းသားဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က Sony ကို အီးမေးလ်တိုက်ခိုက်မှု ဖြစ်ပြီး ဆိုက်ဘာပေါက်ကြားမှုအတွင်းမှာ “အိုင်ဒရစ် (အယ်လ်ဘာ) ဟာ နောက်အသစ်တက်လာမယ့် ဂျိမ်းစ်ဘွန်းမင်းသားဖြစ်သင့်တယ်” လို့ ကုမ္ပဏီရဲ့ ဥက္ကဌဟောင်း အာမီပါစကယ်က ရေးထားတဲ့ မက်ဆေ့လည်း ပေါ်ထွက်ခဲ့ပါတယ်။

Elba

Photo: GQ

007 စပိုင်ဇာတ်ကောင်ဟာ အစဉ်အလာကြီးတဲ့ ဗြိတိန်ရုပ်ရှင်ဇာတ်ကောင်နေရာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ခန့် ၁၉၆၂ ထွက် Dr.No ရုပ်ရှင်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ဂျိမ်းစ်ဘွန်းမင်းသား ၆ လက်တိတိပြောင်းပြီး ကားပေါင်း ၂၅ ကားရိုက်ကူးရလောက်အောင် အောင်မြင်ခဲ့တဲ့ ကမ္ဘာကျော်ရုပ်ရှင်ကားတွေမှာ ပါဝင်ဖို့ ရင်ခုန်နေတဲ့ မင်းသားတွေလည်း အများကြီး ရှိနေပါတယ်။

လောလောဆယ် ဂျိမ်းစ်ဘွန်းမင်းသားနေရာအတွက် အိုင်ဒရစ်အယ်လ်ဘာအပြင် တွမ်ဟာဒီ ၊ ဟင်နရီ ကာဗေးလ် ၊ ရီဂီ-ဂျင်းပေ့ချ် ၊ ဆန်ဟူဂန် ၊ လာရှာနာ လင့်ချ် နဲ့ အမ်မလီ ဘလင့်န်တို့လည်း ရေပန်းစားနေပါတယ်။

Featured Photo: GQ