လီဗာပူးလ်ဂန္တဝင် စတိဗ် နီကိုးလ်က ပြီးခဲ့တဲ့အပတ်က လီဗာပူးလ်အသင်းကို ဆိုးလ်ရှားရဲ့အသင်းက ၅-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်လေ့ကျင့်ရေးကွင်း ကာရင်တန်ကို လာရောက်လည်ပတ်ခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ အမူအကျင့်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး လက်ရှိနည်းပြအပေါ် မလေးစားရာကျတယ်လို့ ပြောကြားခဲ့ပါတယ်။

Sir Alex Ferguson

Photo: Mirror

မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့မှာ တစ်စိတ်တပိုင်း ပါဝင်နေတဲ့ ဖာဂူဆန်ဟာ ကြီးမားတဲ့ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတဲ့ ယူနိုက်တက် အသင်းသားတွေကို စကားပြောဆိုဖို့အတွက် ကာရင်တန်လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ကြီးမားတဲ့ ရှုံးပွဲနောက်ပိုင်း ဖာဂူဆန်ရဲ့ ချိန်သားကိုက် လာရောက်လည်ပတ်မှုနဲ့ပတ်သက်ပြီး နီကိုးလ်က အဲဒီအပြုအမူဟာ လက်ရှိနည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှားအပေါ် မလေးမစားပြုမူတာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ဖာဂူဆန်က ကာရင်တန်မှာ ရှိနေတယ်ဆိုတဲ့အချက်ကို ကျွန်တော် လုံးဝ မုန်းတီးပါတယ်။ အဲဒါက ဆိုးရွားပါတယ်။ နည်းပြအပေါ်မှာ တကယ်ကို ဆိုးရွားတဲ့ပုံစံ ဖြစ်စေပါတယ်။ အဲဒါက ဘာနဲ့တူလဲဆိုတော့ ဆရာက တပည့်ကို ဘာလုပ်ရမယ်ဆိုတာ သတိပေးဖို့ လာပြောနေသလိုကြီးကို ဖြစ်နေတာပါ။ အဲဒါက ဆိုးရွားတဲ့အချိန်ကိုက် လာရောက်လည်ပတ်မှုလို့ ကျွန်တော် ထင်တယ်”

“ဖာဂီသာ ကာရင်တန်ကို သွားချင်တယ်ဆိုရင် ၃ ပွဲ၊ ၄ ပွဲလောက် အနိုင်ရပြီးတဲ့အချိန်မှာ ဘာကြောင့် မသွားခဲ့တာလဲ။ ခင်ဗျား အခုဖြစ်နေတာအားလုံးကို ပြောင်းလဲမပစ်နိုင်ပါဘူး။ အဲဒါက အိုလေအတွက် ပိုပြီးဆိုးစေပါတယ်။ အဲဒါက အဓိကလူဖြစ်ချင်တဲ့ အိုလေရဲ့အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်လိုက်တာပဲ”

Ole Gunnar Solskjaer with Ferguson

Photo: Technotrenz

“မန်ချက်စတာယူနိုက်တက်မှာ ဆာအဲလက်စ် ဖာဂူဆန် နည်းပြတဲ့အချိန်တုန်းက သူတို့တွေ ဆိုးရွားတဲ့ရလဒ်တွေ ရရှိနေပြီး ရုတ်တရက်ဆိုသလို မတ် ဘပ်စ်ဘီက လေ့ကျင့်ရေးကွင်းထဲကို ဝင်လာတယ်လို့ ခင်ဗျား မြင်ယောင်ကြည့်လိုက်ပါ။ ဖာဂီက လုံးဝကို ဒေါသပေါက်ကွဲသွားခဲ့မှာပါ။ အဲဒီလို လာလည်တာကို ကျွန်တော် လုံးဝကို မနှစ်သက်ပါဘူး။ အဲဒါက တော်တော်ဆိုးပါတယ်။ ကျွန်တော်သာ အိုလေဆိုရင် အဲဒါနဲ့ပတ်သက်ပြီး နှာခေါင်းရှုံ့မိမှာပါ။ ကျွန်တော်သာ အိုလေဆိုရင် ပြီးတော့ ယူနိုက်တက်နည်းပြက ကျွန်တော်ဆိုရင် ကျွန်တော့်မှာ ပြောဖို့ ရှိပါတယ်”

“အကြောင်းအရင်းကတော့ အိုလေ ရှိနေတဲ့ အနေအထားကြောင့်ပါပဲ။ ဘာလို့လဲဆိုတော့ အိုလေက တကယ် စိတ်လှုပ်ရှားတာ၊ သူ့ရဲ့ စိတ်လွတ်သွားတာ၊ ရူးသွပ်သွားတာ၊ လူတွေကို သူတို့ ဘာလုပ်သင့်တယ်ဆိုတာ ပြောတာနဲ့ မလုပ်သင့်တာ ပြောတာမျိုး မရှိပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါတွေက သူအခု လုပ်နေရမယ့်အရာတွေ ဖြစ်နေလို့ပါ။ သူ့အနေနဲ့ ဆာအဲလက်စ်ကို ပြောသင့်ပြီး ဆာအဲလက်စ်ကို လေ့ကျင့်ရေးကွင်းလွှတ်တဲ့ ဘယ်သူ့ကိုမဆို ‘ဒီမှာ တဆိတ်လောက်ဗျာ၊ ခင်ဗျားကို ဒီမှာ ကျွန်တော်တို့ မလိုအပ်ပါဘူး’လို့ ပြောရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: The Sun