မာလကာသီးကို မြန်မာနိုင်ငံသား တော်တော်များများ ကြိုက်နှစ်သက်ကြတယ်။ တစ်ချို့ကတော့ အစာပြေသဘောအနေနဲ့ စားသုံးကြပြီး တစ်ချို့ကတော့ အမှန်တကယ်ကြိုက်နှစ်သက်တာကြောင့် စားသုံးကြပါတယ်။ ဒါပေမယ့် လူအများစု မသိကြသေးတာကတော့ မာလကာသီးရဲ့ အကျိုးအာနိသင်ကိုပါပဲ။ မာလကာသီးထဲမှာကို အတွင်းသား ပန်းရောင်သမ်းနေတဲ့ အူနီလေးတွေက ပိုပြီးဆေးဖက်ဝင်ကြတယ်။

အစာခြေစနစ်အတွက်ကောင်းတယ်

Source: herbalandhealthy

မာလကာသီးမှာ အမျှင်ဓာတ်တွေကြွယ်ဝတာကြောင့် အူတွင်းလှုပ်ရှားမှုကို ပိုကျန်းမာစေပြီး ဝမ်းမချုပ်အောင် ကာကွယ်နိုင်တယ်။ မာလကာရွက်မှာလည်း ဝမ်းပျက်ဝမ်းလျှောခြင်းသက်သာစေကာ၊ ပိုးသတ်အာနိသင်ကြောင့် အူလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။

ကိုယ်ခံအားမြှင့်တင်ပေးတယ်

Source: Pinterest

မာလကာသီးဟာ ချဉ်သောအသီးမဟုတ်ပေမယ့် ဗီတာမင်စီ ကြွယ်ဝပါတယ်။ မာလကာသီးတစ်လုံးဆိုရင် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီပမာဏရဲ့ နှစ်ဆလောက်ပါဝင်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ခံအားကို ပိုကောင်းစေပြီး ရောဂါပိုးတွေ ခုခံနိုင်စွမ်းပိုကောင်းစေပါတယ်။

နှလုံးကျန်းမာစေတယ်

Source: Valentine E-shop – Valentine.gr

မာလကာသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင်တွေကြောင့် နှလုံးကို free radicals တွေရန်က ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေလည်းပါဝင်မှုများလို့ နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ မာလကာသီးက သွေးတိုးကိုကျစေ၊ မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ကျစေပြီး အကျိုးပြု ကိုလက်စထရောတွေကို မြင့်တက်စေတဲ့အတွက် နှလုံးကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်တာပါ။

အသားအရေအတွက် ကောင်းတယ်

Source: Wikipedia

မာလကာသီး အူနီမှာ ပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားထိခိုက်မှုကိုကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုတွေကို နှေးကွေးစေနိုင်ပါတယ်။ တစ်ခုသတိထားရမှာက မာလကာသီးစားတဲ့အချိန်မှာ အစေ့တွေကို မစားမိဖို့ပါပဲ။ ဘာလို့လဲဆိုတော့ အူအတက်ပေါက်နိုင်လို့ပါ။