တစ်ကိုယ်ရည်ကျန်းမာရေးအတွက် တစ်ရက်ကို တစ်ကြိမ်တော့ ရေချိုးဖို့ တိုက်တွန်းကြပါတယ်။ ရေချိုးတယ်ဆိုရာမှာ တချို့က ရေအေးအေးနဲ့ Cold Shower လုပ်ကြပြီး တချို့လည်း ရေကြက်သီးနွေးနဲ့ Hot Shower ချိုးလေ့ရှိကြပါတယ်။ ရေပူချိုးခြင်းနဲ့ ရေအေးချိုးခြင်းမှာ ဘယ်လို ရေချိုးနည်းက ကျန်းမာရေးအကျိုးများသလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။
အရင်ဆုံး ပြောချင်တာက Hot Shower ရော Cold Shower နှစ်မျိုးစလုံးပါ ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးပြုတယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ခန္ဓာကိုယ်ပေါ် သက်ရောက်တဲ့ ပုံစံကတော့ အမျိုးမျိုး ကွဲပြားတတ်ပါတယ်။ ရေအေးအေးနဲ့ ချိုးပေးခြင်းဟာ လူရဲ့ ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ကိုယ်ခံအားစနစ် နိုးကြားဖို့အတွက် အထောက်အကူပြုတာကြောင့် မနက်ဖက် ရုံးသွားခါနီး Cold Shower လုပ်ပေးနိုင်ပါတယ်။

Photo: Brightside Me
ရေနွေးနွေးနဲ့ ချိုးပေးတာကတော့ နှာစေး ၊ နှာပိတ်နေတာကို သက်သာစေနိုင်ပါတယ်။ နှာခေါင်းထဲက နှပ်ချေး၊ နှာရည်ယိုမှုကို လျော့ပါးစေပြီး နှာခေါင်းပွင့်ပြီး အသက်ရှုရ လွယ်ကူအောင် ကူညီပေးနိုင်ပါတယ်။ ရေနွေးနွေးနဲ့ ချိုးပေးခြင်းဟာ ကြွက်သားတွေ တင်းနေတာကို ပြေလျော့စေပါတယ်။ အကြောအချဉ်တွေ တောင့်တင်း ကိုက်ခဲနေရင် Hot Shower ချိုးပေးတာ အကောင်းဆုံးပါပဲ။
စိတ်ရှုပ်ထွေးပြီး အာရုံစုစည်းရခက်နေရင်တော့ Cold Water နဲ့ချိုးပေးနိုင်ပါတယ်။ ရေအေးချိုးပေးခြင်းက စိတ်အာရုံစိုက်မှုကို ပိုကောင်းအောင် မြှင့်တင်ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုများလို့ စိတ်သက်သာရာရချင်ရင် ရေနွေးနဲ့ ချိုးပေးပါ။ မနက်ဘက် အိပ်ရာက လန်းလန်းဆန်းဆန်း နိုးထချင်ရင် ရေအေးအေး ချိုးပေးပါလို့ အကြံပြုကြပါတယ်။ ရေချိုးတာကတော့ မနက်ဖက်ပဲ ချိုးချိုး ၊ အလုပ်က ပြန်လာပြီး စိတ်လန်းအောင် ညနေစာမစားခင်ဘဲ ချိုးချိုး ချိုးနိုင်ပါတယ်။
နောက်တစ်ချက်အနေနဲ့ ရေအေး /ရေနွေးချိုးပေးခြင်းရဲ့ ကွာခြားမှုက စွမ်းအင်နဲ့ ဆိုင်ပါတယ်။ နှစ်မျိုးလုံးက ခပ်ဆင်ဆင်ပါပဲ။ ရေအေးအေးနဲ့ ချိုးပေးတာက ကိုယ်တွင်း စွမ်းအင်ပြန်အားဖြည့်အောင် ကူညီပေးနိုင်ပါတယ်။ တစ်နေ့တာ ကုန်ခမ်းသွားတဲ့ အားအင်တွေ ပြန်ရလိုက်သလိုမျိုး ခံစားရစေမှာပါ။ ရေနွေးနွေးနဲ့ ရေချိုးတာကတော့ ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးနိုင်ပါတယ်။ အလုပ်က ပင်ပန်းလာရင် Hot Shower ချိုးတာမျိုး လုပ်ပေးနိုင်ပါတယ်။

Photo: Brightside Me
နောက်ထပ်ကွာခြားချက် တစ်ချက်အနေနဲ့ ကိုယ်တွင်းစနစ်ပိုင်း သက်ရောက်မှု ဖြစ်ပါတယ်။ ရေအေးအေးနဲ့ ချိုးပေးခြင်းဟာ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ပြီး ရေနွေးနွေးနဲ့ ချိုးတာက ရောင်ကိုင်းမှုကို တိုက်ဖျက်နိုင်စွမ်း ရှိပါတယ်။ အလုပ်မှာ Performance ပိုကောင်းချင်ရင် ရေအေးအေးချိုးပါ။ ခေါင်းကိုက်သက်သာချင်ရင် ရေနွေးနွေးချိုးပေးကြည့်ပါ။ ရေအေးအေးချိုးတာဟာ အဆီလောင်ကျွမ်းမှုမှာ အထောက်အကူဖြစ်ပြီး ရေနွေးနွေးနဲ့ချိုးတာက ကိုယ်တွင်းအဆိပ်အတောက်တွေ ဖယ်ရှားနိုင်ပါတယ်။
အသားအရေ ချောမွေ့ချင်ရင် ရေအေးအေးချိုးပါ။ အရေပြားပေါ်က မွေးညှင်းပေါက်တွေ ပွင့်ပြီး သန့်ရှင်းချင်ရင် ရေနွေးနွေးချိုးပေးပါ။ စိတ်ကြည်လင် ပျော်ရွှင်ချင်ရင် ရေအေးအေးချိုးပါ။ ညဘက်အိပ်မပျော်သူတွေအတွက် အိပ်ခါနီး ရေကြက်သီးနွေးနဲ့ ချိုးပေးဖို့လည်း တိုက်တွန်းချင်ပါတယ်။
