COVID-19 ကပ်ရောဂါဟာ မျိုးစိတ်သစ်တွေနဲ့ ကမ္ဘာ့ကျန်းမာရေးကို အကြီးအကျယ် ခြိမ်းခြောက်နေပါတယ်။ ကမ္ဘာတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ COVID-19 ဆေးထိုးနှံမှုတွေ လုပ်နေကြပါတယ်။ Herd Immunity လို့ ခေါ်တဲ့ COVID-19 ရောဂါပိုးကို ခံနိုင်ရည်ရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် လုပ်နေကြပေမယ့် အခုချိန်အထိတော့ အယ်လ်ဖာ ၊ ဒယ်လ်တာ စတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်တွေအကြားမှာ ကိုဗစ်ကို အလဲထိုးဖို့ အတော်လေး လုပ်ယူရဦးမှာပါ။

ကိုဗစ်ဆေး ထိုးနှံထားတယ်ဆိုရင်တောင် COVID-19 ပိုး ‘ပြီး’ တယ်လို့ ယူဆလို့ မရပါဘူး။ COVID-19 ဆေးထိုးထားပေမယ့် ရောဂါကူးစက်ခံရသူတွေလည်း ရှိနေပါတယ်။ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန CDC အနေနဲ့လည်း COVID-19 ဆေးထိုးနှံမှုကနေ Herd Immunity ရဖို့ လူတွေရဲ့ ဘယ်လောက်ရာခိုင်နှုန်း ဆေးထိုးနှံဖို့ လိုသလဲ မသိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် COVID-19 ကာကွယ်ဆေး ထိုးနှံတဲ့ လူဦးရေ များလေလေ COVID-19 ကပ်ဘေးကို အဆုံးသတ်ဖို့ မြန်လေလေ ဖြစ်မှာပါ။ တကယ်လို့ COVID-19 ဆေးတွေ ထိုးနှံရပြီဆိုရင် အခုပြောမယ့် ဆောင်ရန်ရှောင်ရန်အချက်တွေလည်း မှတ်ထားဖို့ လိုမှာပါ။

(၁) ဆေး Side Effects ကို မကြောက်ပါနဲ့

vaccination injection

Photo: Unsplash

ကိုဗစ်ဆေးထိုးသူတွေရဲ့ သုံးပုံတစ်ပုံဟာ ဆေးရဲ့ မပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆေးထိုးထားတဲ့နေရာတစ်ဝိုက် ကြွက်သားနာကျင်ကိုက်ခဲတာ ၊ အဆစ်အမြစ်တွေ ညောင်းညာကိုက်ခဲတာ ၊ ခေါင်းကိုက်တာ ၊ အဖျားငွေ့ငွေ့ရှိပြီး ချမ်းတုန်တာ ၊ မအီမသာဖြစ်ပြီး ပျို့အန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါမျိုး ဖြစ်လာရင် အကိုက်အခဲနဲ့ အဖျားပျောက်ဆေးမျိုး သောက်နိုင်ပါတယ်။ ၃ ရက်ကြာအောင် လက္ခဏာတွေ မပျောက်ရင်တော့ ဆရာဝန်နဲ့ ပြသရမှာပါ။COVID-19 ဆေးထိုးလို့ ကိုဗစ်ဖြစ်မသွားပါဘူး။ ဆေးကို ဒုတိယအကြိမ် ထိုးနှံပြီးသွားရင်တော့ ပဋိပစ္စည်းတွေ ထွက်လာပြီး အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၂) အနားယူပါ

rest

Photo: Unsplash

အနားယူပါ။ အရည်များများသောက်ပြီး ရေဓါတ်ဖြည့်တင်းထားပါ။ လိုအပ်ရင် ဆေးသောက်ပါ။ ဒါဆို အဖျားနဲ့ ဘေးထွက်ဆိုးကျိုးဒဏ်တွေကနေ သက်သာသာရမှာပါ။ ဆေးထိုးထားတဲ့နေရာက နာနေရင် လက်မောင်းလေ့ကျင့်ခန်း လုပ်ပါ။ သန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါအသေးတစ်ထည်ကိုရေဆွတ်ပြီးလည်း နာတဲ့နေရာပေါ် အုပ်ထားရင် သိသိသာသာ သက်သာပါတယ်။

(၃) ဆေးထိုးမှတ်တမ်းကို လူမှုကွန်ရက်ပေါ် မတင်ပါနဲ့

using smartphone

Photo: Unsplash

အခုခေတ်က တွေ့ကရာ ခပ်ဆန်းဆန်းမှန်သမျှ Social Media ပေါ် တင်မယ်ဆိုတာချည်းပါပဲ။ တခြားကိစ္စတွေ မပြောလိုပေမယ့် Vaccination Card ကို ဓါတ်ပုံရိုက်ပြီး Facebook လို လူမှုကွန်ရက်ပေါ် တင်တာက အန္တရာယ်များပါတယ်။ အွန်လိုင်းပေါ်မှာ ကိုယ်ရေးအချက်အလက်ခိုးတဲ့ Identity Theft ကိစ္စတွေကလည်း ပြဿနာရှိလို့ ဖြစ်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ အရေးတကြီး ဆောင်ရန်ကတော့ ဆေးပတ်လည်အောင် ထိုးထားတယ်ဆိုရင်တောင် အပြင်သွားရင် Face Mask တပ်သွားပါ။ လူအချင်းချင်း အနည်းဆုံး ၆ ပေခြား ခွာနေပါ။ ပုံမှန်အတိုင်း စနစ်တကျ လက်ဆေးမှုကိုလည်း မကြာမကြာလုပ်ပါ။