ရှုံးနိမ့်မှုကို ဘယ်သူမှ ကြိုဆိုချင်မှာ မဟုတ်ပါဘူး။ ဘယ်လိုပဲ မကြိုဆို မကြိုဆို ကြိုးစားရင်းလဲကျတဲ့ အခိုက်အတန့်တွေကလည်း အများကြီး မဟုတ်လား။ အရှုံးတွေကို အောင်မြင်မှုအတွက် လှေကားထစ်အဖြစ် ပြောင်းဖို့ ပြောတဲ့ စကားတွေ ကြားဖူးကြမှာပါ။ အောင်မြင်ချင်သူတွေဟာ ရှုံးမှာ မကြောက်ဖို့နဲ့ အရှုံးကနေ သင်ခန်းစာယူဖို့ လိုတယ်လို့လည်း အောင်မြင်ရေးသဘောတရားဆရာတွေက ပြောကြပါတယ်။ ဘာကြောင့်များ အရှုံးကနေ သင်ယူသင့်သလဲလို့ မေးရင် အခုပြောမယ့်အချက်တွေကြောင့်ပါလို့ ဆိုပါတယ်။

(၁) အောင်မြင်မှုဆိုတာ ဘယ်တော့မှ အာမခံချက်မရှိဘူး

Keep chasing your dream

Photo: Unsplash

အရှုံးကနေ သင်တဲ့ သင်ခန်းစာတစ်ခုရှိပါတယ်။ အဲ့ဒါက ဘာကိုမှ သေချာပေါက်အောင်မြင်မယ့်အရာဆိုပြီး ကံသေကံမ ပြောမရဘူးဆိုတာပါပဲ။ အကောင်းဆုံးအားထုတ်မှုတွေ ၊ လုပ်ငန်းအစီအစဉ်တွေနဲ့ တည်ဆောက်ခဲ့တာတောင် ပြိုလဲ ရှုံးနိမ့်သွားတတ်တယ်ဆိုတာ အရှုံးနဲ့ကြုံပြီးရင် သင်ကောင်းကောင်း နားလည်သွားမယ့်အရာ ဖြစ်လာပါတယ်။ ရှုံးနိမ့်မှုအကြောင်း နားလည်ထားရင် အရှုံးနဲ့ကြုံတဲ့အခါ ငါ ဘာကို သင်ယူရမလဲဆိုတာ ကြိုပြီး စဉ်းစားပြင်ဆင်ပြီး ဖြစ်သွားမှာပါ။

(၂) အရှုံးတွေက အပြောင်းအလဲကို လက်ခံလာစေတယ်

Change

Photo: Unsplash

ရှုံးနိမ့်မှုနဲ့ ကြုံတဲ့အခါ ကိုယ်လုပ်တာ မမှန်သေးလို့ ဆိုတဲ့အချက်ကို သဘောပေါက်လာမယ်။ ကျောင်းမှာ စာမေးပွဲကျသွားရင် ဘာကြောင့် စာမေးပွဲကျတာလဲ ၊ ဘယ်လို လုပ်ရင် စာမေးပွဲအောင်မှာလဲ ။ စာမေးပွဲအောင်ဖို့ ငါ့အနေနဲ့ ဘာတွေ ပြုပြင်ပြောင်းလဲရမလဲ ဆိုပြီး လေးလေးနက်နက် တွေးမိလာပါမယ်။ နောက်တစ်ကြိမ်မရှုံးဖို့ ကိုယ့်ရဲ့ ချဉ်းကပ်မှုပုံစံနဲ့ အားထုတ်မှု ပြင်းအားကို ဘယ်လောက်တင်ရမလဲ နားလည်သွားပါလိမ့်မယ်။ ဒါကလည်း အရှုံးက သင့်ကို သင်ပေးသွားမယ့် သင်ခန်းစာတစ်ခုပါပဲ။

(၃) အရှုံးဆိုတာ စိတ်အားတက်ကြွအောင် မောင်းနှင်ပေးနိုင်တဲ့ အရင်းအမြစ်တစ်ခုပါ

The Light of Motivation

Photo: Unsplash

လူအတော်များများကတော့ ရှုံးနိမ့်လာရင် စိတ်ခွန်အားတွေ ကျဆင်းပြီး လက်လျှော့ချင်ကြပါတယ်။ မှန်ကန်တဲ့စိတ်သဘောထားရှိသူအဖို့ အရှုံးဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မာန်တင်းဖို့ အကောင်းဆုံးအရင်းအမြစ်ကြီးတစ်ခုပါပဲ။ ဘက်စကတ်ဘောအကျော်အမော် မိုက်ကယ်ဂျော်ဒန်ကိုပဲ ကြည့်ပါ။ မိုက်ကယ်ဂျော်ဒန် အသက် ၁၅ နှစ်သားက အထက်တန်းကျောင်း ဘက်စကတ်ဘောအသင်းမှာ ပါဖို့ သိပ်ပြင်းပြခဲ့ပေမယ့် အသင်းနည်းပြက သူ့ကို ဘတ်စကတ်ဘောနဲ့ မကိုက်ဘူး ၊ ဘောလုံးကို ပိုက်ကွင်းထဲ သွင်းနိုင်မယ်လည်း မထင်ခဲ့လို့ ငြင်းခဲ့တဲ့အဖြစ်နဲ့ ကြုံခဲ့ပါတယ်။
ဒီလို အငြင်းခံရခြင်းကြောင့် ဆယ်ကျော်သက်အရွယ် မိုက်ကယ်ဂျော်ဒန်ဟာ ရှိုက်ကြီးတငင်ငိုကြွေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူ့အိပ်မက်ကို လက်လွှတ်ရမယ့်အစား သူ့ကို်သူ အကောင်းဆုံး ဘက်စကတ်ဘောသမားတစ်‌ယောက်ဖြစ်လာအောင် ကြိုးစားဖို့ စိတ်ဓါတ်တွေ ပြင်းပြထက်သန်လာခဲ့ပြီး သမိုင်းမှာ အတော်ဆုံး ဘက်စကတ်ဘောသမားဖြစ်လာခဲ့ပါတယ်။ မိုက်ကယ်ဂျော်ဒန်လိုပဲ အရှုံးနဲ့ကြုံလာတဲ့အခါ အရှုံးကို ကိုယ့်အတွက် စိတ်ခွန်အားထွက်ပေါက်ကြီးအဖြစ် အသုံးချပြီး ရှေ့ဆက်နိုင်ဖို့ လိုပါတယ်။

(၄) ရှုံးတာ အဆုံးသတ်မဟုတ်ပါဘူး

The Process of Butterfly

Photo: Unsplash

ရှုံးနိမ့်သွားတာ ဘဝတစ်ခုလုံး အဆုံးသတ်သွားတာမဟုတ်ပါဘူး။ အမြဲတမ်းအနိုင်ရဖို့ဆိုတာ မဖြစ်နိုင်သလို ကြိုးစားသူအဖို့ အရှုံးထဲမှာပဲ အမြဲဝဲလှည့်နေစရာအကြောင်းလည်း မရှိပါဘူး။ ကမ္ဘာပေါ်က ပါရမီရှင်ကြီးတွေ ၊ အောင်မြင်သူပုဂ္ဂိုလ်ကျော်တွေအဖြစ် ညွှန်းဆိုခံရသူတွေဟာ အရှုံးနဲ့ အလဲအကွဲမကြုံဖူးတဲ့သူ မရှိပါဘူး။ ရှုံးနိမ့်သွားတာနဲ့ ဘဝဆုံးသွားတယ်လို့ မတွေးဘဲ အောင်မြင်မှုဆီ ဆက်ပြီး စူးစူးစိုက်စိုက် လျှောက်လှမ်းလို့သာ အောင်မြင်သူတွေအဖြစ် မှတ်တမ်းတင်ခံရတာ ဖြစ်ပါတယ်။

(၅) သဘောထားအမြင် ပိုကျယ်ပြောစေတယ်

The Long way

Photo: Unsplash

ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီ မရောက်နိုင်သေးအောင် အရှုံးတွေက ကာထားတဲ့အခါ စိတ်ဓါတ်မကျပါနဲ့။ မိုးကျရွှေကိုယ်လို ဘာအားထုတ်မှုမှ မပါဘဲ အရှင်မွေး နေ့ချင်းကြီးသူတွေထက် သာတဲ့ အတွေ့အကြုံကို အရှုံးနဲ့ကြုံဖူးသူတိုင်း အလကားရကြပါတယ်။ အဲ့ဒါကတော့ ရှုံးတဲ့အခါမှာလည်း စိတ်မကျနဲ့ ။ နိုင်တဲ့အခါမှာလည်း စိတ်မကြွနဲ့ ဆိုတာပါပဲ။ ကိုယ်တိုင် အလူးအလဲ ရှုံးခဲ့ဖူးတော့ ကြိုးစားရင်း ရှုံးနိမ့်နေသူတွေကို စာနာတတ်လာမယ်။ ဘဝကို ပိုပြီး မျှမျှတတ ရှုမြင်တတ်လာပြီး စိတ်ဓါတ်ခိုင်ကျည်တဲ့ ယောင်္ကျားကောင်းတစ်ယောက် ဖြစ်လာမှာ အမှန်ပါပဲ။

Featured Photo: indianfolk