ဒီနှစ်ထဲမှာ အားလုံး ကြုံတွေ့လိုက်ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတွေရဲ့ နေထိုင်မှု ပုံစံတွေဟာ အဝေးရောက်ပုံစံ (Remote Type) ဖြစ်လာပါတယ်။ လူတွေ တစ်ယောက်နဲ့တစ်ယောက် တတ်နိုင်မျှ ခပ်ခွာခွာနေလာကြသလို လူစုလူဝေးနဲ့ လုပ်တဲ့ အခမ်းအနားတွေလည်း တရားဝင် ပိတ်လိုက်ရတဲ့ အနေအထား ရောက်လာပါတယ်။

ကိုရိုနာဗိုင်းရပ်စ် Outbreak ဖြစ်ပြီး တစ်ကမ္ဘာလုံးကို ကူးစက်သွားတဲ့ အချိန် (ဇန်နဝါရီကနေ မေလဆန်းပိုင်းအထိ) ဟာ ကမ္ဘာအရပ်ရပ်မှာ မင်္ဂလာပွဲတွေ ဆင်နွှဲဖို့ အားခဲပြင်ဆင်နေကြတဲ့ အချိန်လည်း ဖြစ်နေပါတယ်။ ခရစ္စမတ်လွန်ကာလ အပျော်တွေနဲ့ ကြိုတင်စီစဉ်ထားတဲ့ မင်္ဂလာမောင်နှံတွေအတွက် COVID-19 ဟာ စိတ်ကူးယဉ်မင်္ဂလာပွဲကို လာဖျက်တဲ့ ဗီလိန်လို့လည်း ဆိုရမှာပါ။

Photo: goodnewsnetwork

COVID-19 အမွှေကြောင့် ပျက်စီးသွားတဲ့ မင်္ဂလာပွဲတွေဟာလည်း တစ်ခြားလူနေမှုပုံစံတွေ ဖြစ်တဲ့ Work From Home လိုမျိုး အွန်လိုင်းမင်္ဂလာဆောင် (Virtual Weddings) တွေ ဖြစ်လာပါတယ်။ နယူးယော့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူး ကူယိုမိုဟာ ပြီးခဲ့တဲ့ စနေနေ့က Twitter ကနေ အမိန့်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေညာချက်ထဲမှာ လက်ထပ်လိုင်စင်တွေနဲ့ မင်္ဂလာအခမ်းအနားလုပ်မယ့် စာရင်းသွင်းမှုတွေကို Video Conferencing ကနေ ခွင့်ပြုပေးမယ်ဆိုတဲ့ တိုက်ရိုက်အမိန့်ထုတ်ပြန်ထားပါတယ်။ အရေးပေါ် ကျန်းမာရေးကိစ္စတွေကြောင့် မင်္ဂလာဆောင်ဗြူရိုတွေဟာ လူချင်းတွေ့မှ ထုတ်ပေးဖို့ လိုတဲ့ လက်ထပ်လိုင်စင် မထုတ်ပေးနိုင်တော့ပါဘူး။

Photo: New Jersey Monthly Magazine

နယူးယောခ့် ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ ဒီအခက်အခဲကို ဖြေရှင်းဖို့ အွန်လိုင်းရုပ်သံပလက်ဖောင်းကနေ လက်ထပ်ခွင့်လိုင်စင်ကို ထုတ်ပေးသွားမယ်လို့ ကြေညာချက်ထုတ်ပြန်တာပါ။ လက်ထပ်တာကိုတော့ Zoom (ရုပ်သံပလက်ဖောင်း) ကနေ လုပ်နိုင်တယ်လို့ ဆိုပါတယ်။ Zoom အပြင် FaceTime တို့ တစ်ခြား Video Conferencing ပလက်ဖောင်းတို့နဲ့လည်း မင်္ဂလာဆောင်နိုင်ပါတယ်။

မကြာသေးခင်က UAE နိုင်ငံဟာလည်း နိုင်ငံသားတွေကို အွန်လိုင်းက လက်ထပ်ခွင့်ပြုကြောင်း ကြေညာထားပါတယ်။ အခုလို COVID-19 ဖြစ်ပွားနေစဉ်ကာလ Virtual Wedding နဲ့ လက်ထပ်ခဲ့သူတွေအတွက်တော့ မွေးလာမယ့် သားသားမီးမီးတွေကို ဇာတ်ကြောင်းပြန်ပြောဖို့ ဇာတ်လမ်းကောင်းကောင်းတစ်ခုတော့ ရသွားမှာပါ။