အမေရိကန်ရိုးရာတက်တူးတွေဟာ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ရဲရင့်ထူးခြားတဲ့ဟန်ကြောင့် ထင်ရှားကျော်ကြားခဲ့ကြပါတယ်။ များသောအားဖြင့် အမေရိကန်တက်တူးတွေဟာ အနက်ရောင်ကောက်ကြောင်းရင့်ရင့်ခဲပြီး အနီ ၊ အပြာ ၊ အစိမ်း ၊ အဝါ ကာလာစပ်တွေနဲ့ ထိုးကြတာပါ။

ရိုးရာတက်တူးဒီဇိုင်းတွေရဲ့ ထုံးစံအတိုင်း အရောင်အစပ်အဟပ် ထူးခြားတယ်။ ဆွဲ‌ဆောင်မှုရှိပြီး ဆန်းပြားမှုရှိနေတယ်။ အမွေအနှစ်တစ်ခုလိုမျိုး အဓိပ္ပါယ်ကို ဖော်ဆောင်နိုင်စွမ်းရှိပါတယ်။ ရိုးရာတက်တူးချစ်တဲ့ အမျိုးသားတွေအတွက် စိတ်ဝင်စားစရာ အမေရိကန်ရိုးရာတက်တူးဒီဇိုင်းတချို့အကြောင်း မျှဝေလိုက်ရပါတယ်။

(၁) ကျောက်ဆူးတက်တူး

Anchor Tattoo

Photo: selftattoo

ကျောက်ဆူး (Anchor) ဟာ သန်မာမှု ၊ တည်ငြိမ်ခြင်းနဲ့ တွန်းလှန်နိုင်စွမ်း နိမိတ်ဆောင်ပါတယ်။ ရိုးရာတက်တူးတစ်ခုအနေနဲ့ ကျောက်ဆူးပုံ တက်တူးတွေဟာ သင်္ဘောသားတွေအကြား ခေတ်စားခဲ့ဖူးပါတယ်။ နောက်တော့ ကျောက်ဆူးတက်တူးအောက်မှာ ကိုယ်ချစ်ရတဲ့သူ နာမည်ကိုပါ ထွင်းတတ်ကြပါတယ်။ ရှေးခေတ်က ကမ်းမမြင် လမ်းမမြင်ပင်လယ်ပြင် ခရီးထွက်ရသူအဖို့ ပြန်စရာအိမ်ကို သတိရစေမယ့် အမှတ်ရချက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။

(၂) ရေဘဝဲ တက်တူး

Octopus Tattoo

Photo: imgur

ရေဘဝဲဟာ ပင်လယ်ပုံပြင်တွေထဲက ကြောက်စရာသတ္တဝါကို ကိုယ်စားပြုတဲ့ အကောင်တစ်မျိုးပါပဲ။ ရေဘဝဲပုံတက်တူးဟာ လှည့်ဖျားမှု ၊ ဉာဏ်ပညာနဲ့ ဒဏ္ဍာရီဆန်ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။ ရေဘဝဲပုံကို သင်္ဘောနဲ့တွဲပြီး ရေးဆွဲလေ့ရှိပါတယ်။ သင်္ဘောသားတွေကို ခြောက်လှန့်နေတဲ့ ဒဏ္ဍာရီထဲက ဧရာမပင်လယ်ရေဘဝဲကြီးကို Kraken လို့ ခေါ်ပါတယ်။ Kraken ဟာ ခွန်အားနဲ့ ကြောက်စိတ်ကို ဖြစ်စေတဲ့ သင်္ကေတတစ်ခုပါပဲ။

(၃) သင်္ဘောတက်တူး

american traditional ship tattoo

Photo: selftattoo

နှစ်ပေါင်းများစွာ ပင်လယ်ပြင်မှာ ကျက်စားရသူအဖို့ သင်္ဘောဟာ သူ့အိမ်ပါပဲ။ ရှေးအမေရိကန်ရေလမ်းသွား လူစွန့်စားတွေဟာ သူတို့ရဲ့ ဒုတိယနေအိမ်ဖြစ်တဲ့ သင်္ဘောပုံကို သူတို့ ရဲ့ ကိုယ်ပေါ်မှာ အမှတ်တရရေးထိုးကြပါတယ်။ သင်္ဘောဆိုတာ သူတို့အတွက် အိမ်တစ်လုံးဖြစ်သလို ဘဝလမ်းညွှန်ချက်နဲ့ ဘဝနေနည်းတစ်ခုလည်း ဖြစ်ပါတယ်။ လှိုင်းတွေ ဘယ်လောက်ကြီးကြီး သင်္ဘောတစ်စင်းလို ဖြတ်ကျော်ခဲ့တယ်ဆိုတာကို သူတို့ကိုယ်ပေါ်က တက်တူးက ပြောပြနေမယ်လို့ ထင်ပါတယ်။

(၄) သံလိုက်အိမ်မြှောင်တက်တူး

Compass,Tattoo,On,Sailor,Ankle,With,Nautical,Chart,In,Background.

Photo; thelist

သံလိုက်အိမ်မြှောင်ဆိုတာ ရှေးခေတ်က လမ်းပြမှုရဲ့ သင်္ကေတဖြစ်သလို ကာကွယ်ခြင်း ၊ ဘေးကင်းခြင်းနဲ့ ဦးတည်ချက်ရှိခြင်းကိုလည်း ကိုယ်စားပြုတဲ့ လမ်းညွှန်ကိရိယာဖြစ်ပါတယ်။ သံလိုက်အိမ်မြှောင်ပုံ တက်တူးထိုးတာဟာ ဘဝအတွက် မှန်ကန်တဲ့ လမ်းကို လျှောက်လှမ်းနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးရာရောက်နိုင်ပါတယ်။ ဘဝမှာ မထင်မှတ်တဲ့ အခက်အခဲတွေနဲ့ ကြုံတဲ့အခါ သံလိုက်အိမ်မြှောင်တစ်လုံးလို ကိုယ်သွားမယ့်အရပ်ကို လမ်းပြန်ရှာနိုင်ရမယ်လို့လည်း ဒီတက်တူးက ပြောပြသွားပါလိမ့်မယ်။

(၅) ပျံလွှားငှက်တက်တူး

Swallow-Tattoo

Photo: bodyartguru

ပျံလွှားနဲ့ သင်္ဘောသားတွေဟာ မိတ်ဖက်ပါပဲ။ ပျံလွှားငှက်တွေကို တွေ့ရင် ကမ်းခြေနဲ့နီးလာပြီ ၊ ခရီးစဉ်တစ်ခု ပြီးဆုံးပြီလို့ သတ်မှတ်ကြတာကြောင့် ပျံလွှားငှက်တက်တူးတွေကို အောင်မြင်ပြီးမြောက်မှု နဲ့ မျှော်လင့်ချက်ရဲ့ သင်္ကေတအဖြစ် သင်္ဘောသားတွေက တက်တူးထိုးကြပါတယ်။ ပျံလွှားငှက်တက်တူးဟာ အိမ်ပြန်ရောက်တော့မယ့် ခံစားချက် ၊ ဘေးကင်းခြင်း ၊ ကံကြမ္မာကောင်းတို့ စတင်ခြင်းအတွက် နိမိတ်ပုံအဖြစ်လည်း ယူကြပါတယ်။

Featured Photo: adrenalinestudios