ဒီနေ့တော့ kwee page ကနေ ဟောင်ကောင် သူဌေးကြီး Li Ka-shing (လီကာရှင်း) ပြောပြတဲ့ အောင်မြင်သူတစ်ဦးဖြစ်လာစေမည့် နည်းလမ်းများ အကြောင်း တင်ပြပေးသွားမှာပါ။

ငွေမျက်နှာကိုပဲ မကြည့်ပါနဲ့

Source :Claixin Global

“ငွေတွေ အများကြီးရမယ့် အလုပ်တွေ အများအပြားရှိပါတယ်။ ဒါပေမယ့် ကျွန်တော်လုပ်မှာ မဟုတ်ပါဘူး။ လူကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ငွေရဲ့ မျက်နှာကိုပဲကြည့်လို့မရပါဘူး။ ကျွန်တော်တို့ရဲ့ သိက္ခာတရားကို ထိန်းထားနိုင်သမျှ ကာလပတ်လုံး ဘဝဟာ ပိုပြီးအဓိပ္ပာယ်ရှိလာမှာပါ။”

ငွေကို အချည်းအနှီး အဖြစ်မခံပါနဲ့

Source: Retail in Asia

“တစ်မနက်မှာပေါ့။ ကျွန်တော့်အိတ်ကပ်ထဲက ကားသော့ကို ထုတ်နေတုန်းမှာ အိတ်ကပ်ထဲကနေ အကြွေစေ့ ထွက်ကျပြီးတော့ ကားအောက်ကို လိမ့်ဝင်သွားတယ်ဗျ။ ဒီအကြွေစေ့က ကားထွက်သွားတာနဲ့ မြေအောက်ရေပိုက်လိုင်းထဲ လိမ့်ဝင်သွားတော့မှာ။ ဒါနဲ့ ဒီအကြွေစေ့ မဆုံးချင်တာနဲ့ ကားအောက်ကို ဝင်ပြီး ပြန်ယူဖို့ ကြိုးစားတာပေါ့။ အဲ့ဒီမှာ အစောင့်ဖြစ်တဲ့သူက မြင်ပြီးလာမေးပါတယ်။ မစ္စတာလီ ဘာဖြစ်လို့လုပ်နေတာလဲပေါ့။ ကျွန်တော်က အကြွေစေ့ကျသွားတာပြောတော့ သူက ကားအောက်ဝင်ယူပေးပါတယ်။ အကြွေစေ့ ပြန်ရတော့ ကျွန်တော်သူ့ကို ဒေါ်လာတစ်ရာ ဆုချလိုက်တယ်။ ဘာလို့ ကျွန်တော် ဒီလိုလုပ်ခဲ့လဲ။ အကြွေစေ့ကို ကျွန်တော် မကောက်ခဲ့ဘူးဆိုရင် ဒီပိုက်ဆံကို မြေအောက်ပိုက်လိုင်းထဲကျပြီး အလကားဆုံးရှုံးသွားတော့မှာပါ။ အစောင့်ကို ပေးလိုက်တဲ့ ဒေါ်လာ (၁၀၀) ကတော့ အလကားဖြစ်မသွားဘူး။ ဘာကြောင့်လဲဆိုတော့ ဒီငွေကို သူအသုံးပြုလို့ ရပါတယ်။ ငွေဆိုတာ အသုံးပြုဖို့ပါ။ အချည်းနှီးဖြစ်သွားဖို့ မဟုတ်ပါဘူး”

အလုပ်ကို အာရုံစိုက်ပါ

Source: South China Morning Post

“ကျွန်တော်လုပ်ငန်းတွေ စလုပ်ခဲ့တုန်းက ကံကောင်းမှုဆိုတဲ့အပေါ်မှာ လုံးဝအားမကိုးခဲ့ပါဘူး။ ကျွန်တော်က အလုပ်ကြိုးစားမှုနဲ့ ငွေရှာနိုင်စွမ်း အရည်အချင်းတွေအပေါ်မှာပဲ အားကိုးခဲ့တယ်။ လုပ်ငန်းအပေါ် အာရုံစိုက်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ အကောင်းဆုံးလုပ်နိုင်လာမှာ မလွဲပါဘူး။ ကံဆိုတာ အလုပ်ပါပဲ။”

ဗဟုသုတ ရှာဖွေပါ

Source: Asia Times

“အသက် (၁၂) နှစ်အရွယ်မှာ ကျွန်တော် အလုပ်သင်တစ်ဦး အနေနဲ့ အလုပ်စလုပ်ခဲ့တယ်။ (၁၅) နှစ်သားမှာ မိသားစုတစ်ခုလုံးကို ထောက်ပံ့ပေးနိုင်နေခဲ့ပြီ။ အတန်းပညာရေးမရှိခဲ့တော့ အလုပ်ကို အပြင်းအထန်ကြိုးစားပြီး ဗဟုသုတရှာမှီးရမယ်ဆိုတာ ကျွန်တော် အလေးအနက် သဘောပေါက်ခဲ့ပါတယ်။ ကျွန်တော့်မှာ ငွေပိုငွေလျှံရှိတဲ့အခါတိုင်း စာအုပ်ဟောင်းတွေ ဝယ်ပါတယ်။ ပြီးရင် ကြေညှက်တဲ့အထိ ဖတ်ပြီး ပြန်ရောင်းပါတယ်။ ပြန်ရောင်းလို့ရတဲ့ငွေနဲ့ စာအုပ်တွေ ပြန်ဝယ်ပါတယ်။ ဒီနေ့အထိ ညတိုင်း အိပ်ယာမဝင်မီမှာ ကျွန်တော် စာတွေဖတ်နေဆဲပါ။ ဗဟုသုတများတာက လူတစ်ယောက်ချမ်းသာကြွယ်ဝလာစေမယ်လို့ အာမခံချက်ပေးတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဗဟုသုတရှိတဲ့သူအတွက် အခွင့်အလမ်းတွေ ပိုပြီးလမ်းပွင့်လာတယ်။ အခွင့်အလမ်းတွေ မြင်လာစေပါတယ်”