ဘရန်ဒီတွေဟာ ၁၆ ရာစုနှစ်က ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး ဘရန်ဒီကို စတင် ဖော်စပ်ခဲ့သူက ဒတ်ရှ်က မာလိန်မှူးတစ်ဦးပဲ ဖြစ်ပါတယ်။ ဘရန်ဒီဟာ ဝိုင်ကို ပေါင်းခံပြီ ဖြစ်စေ ၊ သစ်သီးဖျော်ရည်တွေ ကစော်အချဉ်ဖောက်ပြီး ဖြစ်စေ ထုတ်လုပ်ပါတယ်။
ဒေသနဲ့ ပါဝင်တဲ့ သစ်သီးတွေပေါ် လိုက်ပြီး ဘရန်ဒီအမျိုးအစား အမျိုးမျိုး ကွဲပြားပါတယ်။ Cognac ၊ Armagnac ၊ American Brandies နဲ့ သစ်သီး Brandies ဆိုပြီး ကွဲပါတယ်။ ဘရန်ဒီမှာ အယ်လ်ကိုဟောပါဝင်မှု ABV (၃၅% ကနေ ၆၀%)အကြား ရှိပေမယ့် အများစုက ABV ၄၀% နဲ့ လာပါတယ်။ ဘရန်ဒီ ပေါ်ပေါက်လာပုံက အခုလို ဖြစ်ပါတယ်။

Photo: justfunfacts
၁၆ ရာစု မတိုင်ခင်လောက်မှာ ဝိုင်ဟာ ဥရောပမှာ ကုန်သွယ်ရေးအတွက် သုံးတဲ့ နာမည်ကျော် ထုတ်ကုန်ဖြစ်ခဲ့ပါတယ်။ ဒတ်ရှ်မှ ကုန်သည်မာလိန်မှူးတစ်ဦးဟာ သင်္ဘောပေါ်မှာ ဝိုင်တွေကို သတ်မှတ်ထားတာထက် ပိုတင်နိုင်စေဖို့ ဝိုင်ထဲကနေ ရေတွေ ဖယ်ရှားတဲ့ နည်းလမ်းကို တီထွင်ခဲ့ပါတယ်။ ပြီးမှ နယ်သာလန်က ခရီးဆုံး ဆိပ်ကမ်းမှာ ရေထုတ်ထားတဲ့ ဝိုင်ထဲ ရေပြန်ရောတာ လုပ်ခဲ့ပါတယ်။
ဒါကြောင့် ဒီယမကာကို Bradwijin (Burned Wine) လို့ ခေါ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ Brandy လို့ ဖြစ်လာပါတယ်။ အနောက်ဥရောပ အမေရိကား ၊ အတ္တလန်တစ်နဲ့ ပစိဖိတ်သမုဒ္ဓရာကျွန်းတွေမှာ ဘရန်ဒီကို ပထမဆုံးထုတ်တာက ကယ်လီဖိုးနီးယားက Spanish Missions ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ American ဘရန်ဒီအများစုကို စပျစ်တွေ ဖြစ်ထွန်းတဲ့ ကယ်လီဖိုးနီးယားမှာပဲ ပေါင်းခံချက်လုပ်ကြပါတယ်။
ဘရန်ဒီနဲ့ ပတ်သက်ပြီး နောက်ထပ် စိတ်ဝင်စားစရာ အချက်တစ်ခု ရှိပါတယ်။ အဲ့ဒါက ဘရန်ဒီပုလင်း တံဆိပ် Label နားမှာ ဘရန်ဒီသက်တမ်းမှတ်စနစ် Grading System ထားလာတာပါပဲ။ ဘရန်ဒီပုလင်းတွေရဲ့ အမှတ်တံဆိပ်နားမှာ VS ၊ VSOP ၊ XO နဲ့ Hors d’age လို့ ပါတတ်ပါတယ်။ VS က Very special ကို ပြောတာ ဖြစ်ပြီး အနည်းဆုံး သက်တမ်း နှစ်နှစ်နဲ့ အထက် ရှိတဲ့ Cognac မှာ ထားကြပါတယ်။
VSOP ဆိုရင် Very Superior Old Pale လို့ ခေါ်ပြီး သက်တမ်းအနည်းဆုံး ၄ နှစ် ရှိရမှာ ဖြစ်ပါတယ်။ XO ကတော့ Extra Old ကို ပြောတာပါ။ အနည်းဆုံး သက်တမ်း ၆ နှစ်နဲ့ အထက် ရှိတာကို ဆိုလိုပါတယ်။ Hors d’age ဆိုတာ XO နဲ့ ဆင်ပြီး တရားဝင် Age Scale ထက် ပိုပြီး အရည်အသွေးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ကြပါတယ်။ ကမ္ဘာပေါ်မှာ ရောင်းအားအကောင်းဆုံး Brandy အမှတ်တံဆိပ်အနေနဲ့ ၅ မျိုး ရှိပါတယ်။

Photo: justfunfacts
အဲ့ဒါတွေကတော့ Emperador ၊ Hennessy ၊ Old Admiral Brandy ၊ Dreher နဲ့ McDowell’s No.1 Brandy တို့ ဖြစ်ပါတယ်။ ဘရန်ဒီကို ညစာစားပြီး အစာကြေစေဖို့အဖြစ် သောက်ကြသလို ကော့တေးလ်အမျိုးမျိုးလုပ်ပြီးလည်း သောက်ကြပါတယ်။ ဘရန်ဒီဟာ ဟင်းချက်ရာမှာလည်း သုံးသလို အချိုပွဲပြင်ရာမှာလည်း ထည့်သုံးကြပါတယ်။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်ထားတဲ့ ပုလင်းက ဒေါ်လာ ၂ သန်းတန် Henri IV Dudognon Heritage Cognac Grande ရှန်ပိန်ဖြစ်ပြီး ပလတ်တီနမ်ကွပ်ထားတဲ့ ခရစ္စတယ်ပုလင်းမှာ ၂၄ ကာရက်ရွှေပြားခတ်ထားပါတယ်။ စိန်အလုံးရေ ၆၅၀၀ ပါရှိပြီး နှစ် ၁၀၀ ကျော် ကြာ စည်ထဲမှာ ထည့်ထားတာပါ။
ဘရန်ဒီသောက်ခြင်းအားဖြင့် ကိုယ်ခံအားစနစ် ပိုကောင်းစေပြီး အသက်ရှုလမ်းကြောင်း ပြဿနာတွေ သက်သာစေပါတယ်။ အိပ်လို့ ပိုကောင်းပြီး အဆုတ်အအေးမိဝေဒနာ Pneumonia ကုသရာမှာ သုံးနိုင်ပါတယ်။ ဝိတ်ကျစေပြီး နှလုံးကျန်းမာရေး ပိုကောင်းစေပါတယ်။ ကင်ဆာတချို့ အဖြစ်နည်းစေပြီး အသက်ကြီးမှုကို နှေးကွေးစေနိုင်တယ်လို့ ဆိုပါတယ်။ အတော်အသင့် သောက်ခြင်းအားဖြင့် ကျန်းမာရေးအကျိုးတွေ ရမှာ ဖြစ်ပြီး လွန်ကဲရင်တော့ ဆိုးကျိုးဖြစ်မှာပါပဲ။
