လူတစ်ယောက် ကိုယ်မရောက်ဖူးတဲ့နေရာ ၊ မတွေ့ဖူးတဲ့လူနဲ့ မလုပ်ဖူးတဲ့အလုပ်တစ်ခုကို ပထမဆုံးအကြိမ် စလုပ်ချိန်မှာ အရင်ကလည်း ဒါမျိုး ဒီလူနဲ့ ဒီနေရာမှာ ဒါကို လုပ်ဖူးပါတယ်လို့ တွေးဖူးကြမှာပါ။ ဒီလိုအခြေအနေကို ဖော်ပြတဲ့ စကားလုံးတစ်လုံးရှိပါတယ်။ အဲ့ဒါကတော့ Déjà Vu (ဒီဂျာဗူး) ဆိုတာပါပဲ။

Déjà Vu ဆိုတာ ပြင်သစ်စကားဖြစ်ပြီး မြင်ဖူးတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီစကားလုံးကို ပြင်သစ်စိတ်သဘာဝဆိုင်ရာသုတေသီ အမ်မလီ ဘွိုင်းရားစ်ဆိုသူက ၁၉၀၇ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ အကြားအမြင်သိပ္ပံ၏ အနာဂါတ်ဆိုတဲ့ စာအုပ်မှာ ပထမဆုံးသုံးစွဲခဲ့ပါတယ်။ Déjà Vu ဟာ အံ့ဖွယ်သရဲ (Mystery) နဲ့ သဘာဝလွန်ဖြစ်ရပ် (Paranormal) ဆိုတဲ့ ခံစားမှုတွေကို ဆက်စပ်ထားတာပါ။ အကြောင်းက မကြုံဖူးပေမယ့် ရင်းနှီးနေတယ်ဆိုတဲ့ ခံစားချက်ကို ဖြစ်စေလို့ပါ။

man with hat holding a clock

Photo; medicalnewstoday

Déjà Vu ကို ရှေ့ဖြစ်ဟောတစ်ခုလို ရှင်းလင်းချက်ထုတ်တာကိုတော့ သိပ္ပံနည်းကျလေ့လာမှုတွေက ငြင်းချက်ထုတ်ထားပါတယ်။ ဒါဟာ မှတ်ဉာဏ်ရဲ့ ပုံစံမကျမှု ကွဲလွဲနည်းတစ်ခုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အတိတ်ဘဝတွေ ၊ ရှေ့ဖြစ်ဟောတွေနဲ့ မဆိုင်ဘူးလို့ သိပ္ပံနည်းကျ ချဉ်းကပ်မှုတွေက ပြောထားတာပါ။ အလွန်ကိုပဲ ရင်းနှီးကျွမ်းဝင်ပုံ ခံစားမှုကလည်း အာရုံခံစနစ်တစ်ခုတည်းနဲ့ပဲ ဆက်သွယ်နေတာ ဖြစ်ပါတယ်။
တစ်ခုခု ကြားချိန်မှာ ဒီအသံမျိုး ကြားဖူးပါတယ်လို့ ခံစားချက်မျိုးပါ။ ဒါကလည်း စက္ကန့်ပိုင်း မိနစ်ပိုင်းလောက် ခေါင်းထဲကို ရောက်လာတဲ့ အချက်အလက်မျိုး ဖြစ်ပါတယ်။ Déjà Vu ဖြစ်စဉ်ဟာ ကလေးတွေနဲ့ အရွယ်ရောက်ပြီးသားတွေမှာ အတွေ့များပါတယ်။ လေ့လာမှုတွေအရဆို လူတွေရဲ့ ၇၀% ခန့်ဟာ တစ်ကြိမ်တစ်ခါဖြစ်ဖြစ် Déjà Vu ဖြစ်ရပ်နဲ့ ကြုံဖူးကြစမြဲလို့ ဆိုပါတယ်။

များသောအားဖြင့် အသက် ၆ နှစ်နဲ့ ၁၀ နှစ်အကြားမှာ ပထမဆုံး ဒီလိုအတွေ့အကြုံ ခံစားမိလေ့ရှိပြီး အသက် ၁၅ နှစ်နဲ့ ၂၅ နှစ်အကြားမှာ Déjà Vu ဖြစ်စဉ်ဟာ မကြာခဏဆိုသလို ကြုံရတတ်တယ်လို့လည်း ပြောပါတယ်။ အသက် ၂၅ ကျော်ရင်တော့ Déjà Vu အတွေ့အကြုံတွေ နည်းသထက် နည်းလာနိုင်ပါတယ်။ သာမန်လူတွေထက်စာရင် မကြာမကြာ ခရီးသွားတတ်သူတွေနဲ့ ရုပ်ရှင်ကားတွေ အကြည့်များတဲ့သူတွေမှာ Déjà Vu အတွေ့အကြုံ ပိုပြီး ကြုံတွေ့တတ်ပါတယ်။

Deja Vu

Photo: justfunfacts

နောက်ပြီး ဖိအားများတဲ့အလုပ်တွေ လုပ်ရသူတွေလည်းပဲ အလားတူ အတွေ့အကြုံတွေ ပိုကြုံရတတ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်က ပညာတတ်တဲ့လူတွေနဲ့ လူမှုစီးပွားရေးအခြေအနေမြင့်မားသူတွေမှာလည်း Déjà Vu အဖြစ်များတယ်လို့ ဆိုတာပါပဲ။ Déjà Vu ကို အပြိုင်စကြဝဠာ (Parallel Universe) ဖြစ်စဉ်ဆိုတဲ့ အယူအဆတွေ ရှိခဲ့ပါတယ်။ Déjà Vu နာမည်နဲ့ ၂၀၀၆ ခုနှစ်က ရုပ်ရှင်ကားတစ်ကားတောင် ထွက်ခဲ့ပြီး ဒီရုပ်ရှင်မှာ မင်းသားကြီး ဒန်ဇဲ ဝါရှင်တန်ဟာ အတိတ်ကို ပြန်သွားပြီး အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်အောင် ကြိုးပမ်းရတဲ့ အေးဂျင့်တစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့တာပါ။

နာမည်ကျော် စာရေးဆရာနဲ့ ကဗျာဆရာတွေ ဖြစ်ကြတဲ့ ရှယ်လီ ၊ ဒစ်ကင်းစ် ၊ ဟော်သွန်း ၊ တော်စတွိုင်းနဲ့ပရောက်စ်တို့ရဲ့ စာတွေထဲမှာလည်း Déjà Vu နဲ့ ဆင်တူတဲ့ Déjà rêvé ( လက်ရှိကြုံနေတဲ့အရာကို ကြိုပြီး အိပ်မက်မက်ခဲ့တဲ့ ခံစားချက်) ၊ Déjà entendu ( ကြားဖူးသလိုလို ခံစားရတဲ့ ခံစားချက်) နဲ့ Jamais Vu ( ရင်းနှီးပြီးသားဆိုပေမယ့် မကြုံဖူးမတွေ့ဖူးသလို ခံစားရတာ) ၊ Presque vu (ကြိုမြင်တော့မလိုလို ခံစားချက်) နဲ့ L’esprit de l’escalier (ပြောစရာ လုပ်စရာတွေ ပြောပြီးလုပ်ပြီးမှ လွှတ်ခနဲသတိရတာ ) စတဲ့ စကားလုံးတွေသုံးထားပါတယ်။