ဝိုင်နီလို့ ပြောရင် အရောင်ရင့်ရင့်အခွံပါ စပျစ်ကို ကစော်ချဉ်ဖောက်ပြီး ဖန်တီးထားတဲ့ ယမကာတစ်မျိုးအဖြစ် သိကြမှာပါ။ ဝိုင်နီသောက်ပေးရင် နှလုံးကျန်းမာရေးအတွက် ကောင်းတယ်။ စိတ်ကျဝေဒနာနဲ့ လေဖြတ်မှုကို လျှော့ချပေးနိုင်ပြီး ကင်ဆာရောဂါတချို့ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ ကျန်းမာရေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ခံကြပါတယ်။
ဝိုင်တွေမှာ အရောင် ၊ အနံ့ ၊ အချဉ်နဲ့ ဖန်ခါး Level ဆိုပြီး အသွင်လေးမျိုး အဓိက ပါရှိပါတယ်။ အရောင်အနေနဲ့ သုံးလိုက်တဲ့ စပျစ်သီးပေါ်လိုက်ပြီး အနီရောင် ၊ ခရမ်းပြာရင့် ၊ အပြာရောင် စသည်ဖြင့် ကွဲသွားနိုင်ပါတယ်။ စပျစ်တွေရဲ့ ကာလာစကေးပေါ်လိုက်ပြီး အနက် ၊ အနီရင့် ၊ အနီဖျော့ ၊ ပတ္တမြားနီ ၊ မရမ်းရောင် ၊ ခရမ်းရင့်ရောင် ၊ နီညို စသည်ဖြင့် ကာလာနဲ့ သတ်မှတ်ကြပါတယ်။

Photo: Freepik
စပျစ်မှာ အရောင်ဆိုတာကလည်း အချိန်ကာလပေါ်လိုက်ပြီး တောက်ပရွှင်မြူးတဲ့ အနီရောင်ကနေ အညိုရောင်ပြောင်းသွားတာမျိုးလည်း ရှိပါတယ်။ ဝိုင်နီတွေရဲ့ မတူကွဲပြားတဲ့ ကာလာစဉ်ကို တကယ်တမ်း ပုံဖော်ပေးတာက စပျစ်ခွံတွေပါပဲ။ စပျစ်ခွံတွေဟာ စပျစ်ကနေ ကစော်ဖောက်ချိန်မှာ စပျစ်ရည်နဲ့ ထိတွေ့ရာကနေ တောက်ပတဲ့ ကာလာနဲ့ အရသာမျိုးတွေ ကွဲလာတာပါ။
ဝိုင်နီအများစုဟာ ပုလင်းမသွတ်ခင် အချိန်တစ်ခု သတ်မှတ်ပြီး သက်တမ်းရင့်အောင် လုပ်ပါတယ်။ တချို့ ဝိုင်တွေက ရက်အနည်းငယ်ပဲ ကြာပြီး တချို့ဝိုင်တွေက ၁၈ လနဲ့ အထက် ကြာပါတယ်။ သက်တမ်းရင့်အောင် ထားသိုတာက စတိန်းလတ်စတီးကန် ဒါမှမဟုတ် ကွန်ကရစ်ကန်ြဖစ်နိုင်သလို ဝက်သစ်ချသားစည်ကြီး စည်ငယ်နဲ့လည်း ဖြစ်နိုင်ပါတယ်။ စည်သစ်စည်ငယ်နဲ့ ထားရင် စည်ဟောင်း စည်ကြီးတွေထက် အနံ့ပိုကောင်းပါတယ်။
ဝိုင်အနီကို ထုတ်တဲ့ စပျစ်နီအမျိုးမျိုးထဲကမှ အဓိက အုပ်စုကြီး ၆ စုကြီး ခွဲထားပါတယ်။ Cabernet Sauvignon ၊ Chianti ၊ Merlot ၊ Pinot Noir ၊ Sangiovese ၊ Zinfandel & Exploration တို့ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အများဆုံး စိုက်ပျိုးတဲ့ စပျစ်ကတော့ Cabernet Sauvignon ဖြစ်ပါတယ်။ ဝိုင်တွေထဲမှာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးဝိုင်နီကတော့ Pinot Noir လို့ သတ်မှတ်ထားပါတယ်။
ဝိုင်တွေကို ဘီစီ ၆၀၀၀ လောက်ကတည်းက ဥရောပ နဲ့ အာရှအကြား ကော့ကေးဆပ်ဒေသတစ်ခွင်က ဂျော်ဂျီယာနဲ့ အီရန်တို့မှာ ထုတ်လုပ်လာတာပါ။ နှစ်ပေါင်းထောင်ချီလာတဲ့ ဝိုင်သမိုင်းဟာ စိတ်ဝင်စားစရာအပြည့်ပါပဲ။ Bordeaux ဝိုင်တွေကိုပြင်သစ်နိုင်ငံ ဘော်ဒိုးကနေ အင်္ဂလန်နိုင်ငံကို တင်ပို့လာတာကိုက နှစ် ၁၀၀ လောက် ရှိနေပြီ ဖြစ်ပါတယ်။ Pinot Noir ဝိုင်တွေကလည်း ရောမခေတ်ကတည်းကပါပဲ။

Photo: Freepik
အလယ်ခေတ်ကျောင်းတော်တွေမှာဆို သူတို့ဘုန်းတော်ကြီးတွေ အသက်ရှည်တာဟာ ဝိုင်ကို ပုံမှန် မလွန်မကဲ သောက်တာကြောင့်လို့ အယုံအကြည်ရှိခဲ့ကြပါတယ်။ အခုခေတ်မှာလည်း ဝိုင်ရဲ့ ကျန်းမာရေးအကျိုးအကြောင်း ပြောတဲ့သူတွေမနည်းပါဘူး။ ဝိုင်နီတစ်ဖန်ခွက်ဟာ ပန်းသီးဖျော်ရည်ဖန်ခွက် ၂၀ က ပေးတဲ့ ဓါတ်တိုးဆန့်ကျင်အကျိုးကျေးဇူးကို ရနိုင်တယ်လို့ ဆိုပါတယ်။
ကမ္ဘာပေါ်မှာ ဝိုင်နီအသောက်ဆုံးနိုင်ငံဟာ တရုတ်ဖြစ်ပြီး ဈေးအကြီးဆုံးအဖြစ် သတ်မှတ်ခံရတဲ့ ဝိုင်ပုလင်းကတော့ Chateau Margaux ထုတ် Balthazar ၁၂ လီတာပုလင်းဖြစ်ပါတယ်။ ဈေးကတော့ ဒေါ်လာ ၁၉၅၀၀၀ ဖြစ်ပြီး မြန်မာငွေနဲ့ဆို သိန်း ၃၂၀၀ နဲ့ အထက်မှာ ရှိပါတယ်။
