ရုပ်ရှင်ချစ်သူတွေအကြားမှာ Walt Disney ဆိုရင် အားလုံး သိကြပြီး ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ဘားဘင့်ခ်အခြေစိုက် Walt Disney ဟာ ကမ္ဘာ့အကြီးဆုံးဖျော်ဖြေရေးတွေထဲက တစ်ခု ဖြစ်ပြီး Disney လို့လည်း လူသိများပါတယ်။
Walt Disney Studios ရဲ့ လက်အောက်မှာ ရုပ်သံ မီဒီယာနဲ့ ဖျော်ဖြေရေးလုပ်ငန်းပေါင်းစုံ ရှိပါတယ်။ အကျဥ်းပြောရရင် Walt Disney Pictures ရုပ်ရှင်ထုတ်လုပ်ရေး ၊ Walt Disney Animation Studios ကာတွန်းထုတ်လုပ်ရေး ၊ နာမည်ကျော် Marvel Studios ၊ ESPN အားကစားလိုင်းများနဲ့ 20th Century Studios ရုပ်သံလိုင်းတွေ ရှိပါတယ်။
၂၀၂၀ အတွက် Walt Disney Studios ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၆၅ ဘီလျံကျော် ရှိတယ်လို့ ဆိုပါတယ်။ ဒီလောက်ဩဇာကြီးမားပြီး အင်အားကောင်းတဲ့ မီဒီယာကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့တဲ့ လူတစ်ယောက်အကြောင်းကလည်း စိတ်ဝင်စားစရာပါ။ သူ့နာမည်က ဝေါ်လ်တာ အဲလ်စ်ဒစ္စနေ ဖြစ်ပါတယ်။

Photo: Insider
ကာတွန်းတွေနဲ့ အံ့ဖွယ်ကမ္ဘာကြီးကို တည်ဆောက်ခဲ့တဲ့ ဝေါ့လ်ဒစ္စနေရဲ့ ဘဝဟာ တိုးတက်အောင်မြင်ချင်သူတို့အတွက် နမူနာယူစရာတွေကောင်းပါတယ်။ ဒစ္စနေ အသက် ၁၈ နှစ်အရွယ် ၁၉၁၉ မှာ သူ့ရဲ့ ပထမဆုံးအလုပ်ဖြစ်တဲ့ Kansas City Star သတင်းစာ အန်နီမေးရှင်းအလုပ်ကနေ အထုတ်ခံခဲ့ရပါတယ်။
အလုပ်ထုတ်ခံရတဲ့အကြောင်းက သူဟာ ဖန်တီးမှုအားနည်းပြီး အိုင်ဒီယာကောင်းမရှိဘူးဆိုပြီး အယ်ဒီတာက မှတ်ချက်ပြုခဲ့တာကြောင့် ဖြစ်ပါတယ်။ ဖန်တီးမှုအားနည်းတယ်လို့ သတ်မှတ်ခံရတဲ့လူတစ်ယောက်ဟာ မယုံနိုင်အောင် ဆန်းပြားပြီး ချစ်ဖွယ်ကောင်းတဲ့ မစ်ကီမောက်နဲ့ ဒေါ်နယ်ဒက်ခ်တို့လို ကာတွန်းဇာတ်ကောင်နဲ့ ဇာတ်လမ်းတွေ ဖန်တီးနိုင်ခဲ့ပါတယ်။
ဒစ္စနေ မိသားစုဟာ အစောပိုင်းမှာ ငွေရေးကြေးရေး ရုန်းကန်ခဲ့ရသူတွေ ဖြစ်ပါတယ်။ ဝေါ့တ်ဒစ္စနေဟာ သားသမီးငါးဦးအနက်မှာ လေးယောက်မြောက် ဖြစ်ပြီး သူအသက်လေးနှစ်သားမှာ သူ့အထက် အကိုနှစ်ယောက်ဟာ အိမ်ကနေ ဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒစ္စနေကတော့ သူ့မိသားစုကို ဘယ်တော့မှ စွန့်ခွာခဲ့ခြင်း မရှိပါဘူး။ ဒစ္စနေဟာ အရှက်အကြောက်လည်း ကြီးတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။
အိမ်က အဆင်မပြေတာကြောင့် အသက် ၁၆ နှစ်မှာ အသက်လိမ်ပြီး စစ်ထဲ ဝင်ခဲ့ပေမယ့် စစ်တပ်က ပယ်ချတာ ခံခဲ့ရပါတယ်။ အလုပ်တွေမှာလည်း ဒီအတိုင်းပဲ အငြင်းခံရမှုနဲ့ ကြုံခဲ့ပြီး နောက်ဆုံးမှာ လူနာတင်ကားမောင်းသူ ဖြစ်လာခဲ့ပါတယ်။ မိသားစုကို ထောက်ပံ့ဖို့ အလုပ်အကိုင်လေးတွေ ဟိုစပ်စပ်ဒီစပ်စပ် လုပ်ခဲ့ရပါတယ်။
Kansas City Star သတင်းစာကနေ အလုပ်ထုတ်ခံရပြီးနောက် ကြော်ငြာလုပ်ငန်းလုပ်တဲ့ အနုပညာစတူဒီယိုတစ်ခုမှာ အလုပ်ရခဲ့ပါတယ်။ ငွေကြေးအဆင်ပြေလာချိန်မှာ အလုပ်က ထွက်ပြီး လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ တွဲကာ Laugh-O-Grams ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာ ဒီစတူဒီယိုဟာ စီးပွားပျက်ခဲ့ပြီးနောက် ဒစ္စနေဟာ ကယ်လီဖိုးနီးယားမှာ စတူဒီယိုသစ်တစ်ခု စတင်ခဲ့ပါတယ်။
ဒီစတူဒီယိုဟာ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးတွေအတွက် ကာတွန်းတွေ ရေးပေးရတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဖောက်သည်တစ်ဦးက Universal Pictures ဖြစ်ပါတယ်။ နောက်တော့ ဒစ္စနေဟာ ကိုယ်ပိုင် ကာတွန်းရုပ်ရှင်တွေ ဖန်တီးဖို့ ကြိုးစားလာခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံးကာတွန်းရုပ်ရှင် စနိုးဝှိုက်ဖြစ်ပြီး ဒေါ်လာ ၁.၅ သန်းကုန်ကျခဲ့ပါတယ်။ ဒီငွေအတွက် သူ့အိမ်ကို အပေါင်ထားခဲ့ရပါတယ်။

Photo: doombuggyrunner
စနိုးဝှိုက်ရုပ်ရှင်ဟာ သူ့ရဲ့ ဂန္ဓဝင်လက်ရာတစ်ခု ဖြစ်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၈ သန်း (ဒီနေ့ခေတ် ငွေကြေးအရ ဒေါ်လာ ၁၃၄ သန်း) ရခဲ့ပါတယ်။ ဒီနောက်မှာ ဒစ္စနေဟာ အောင်မြင်တဲ့ ဇာတ်ကောင်နဲ့ ဇာတ်ကားတွေ မွေးထုတ်နိုင်ခဲ့ပါတယ်။ သူဟာ အကယ်ဒမီနဲ့ အော်စကာစကာတင်အများဆုံး စံချိန်တင်ရခဲ့သူ ဖြစ်ပါတယ်။ ဒစ္စနေဟာ အကယ်ဒမီဆုပေါင်း ၂၂ ဆုနဲ့ ဆန်ကာတင် အကြိမ်ရေ ၅၉ ကြိမ်အထိ ရခဲ့တာပါ။
ဝေါ့လ်ဒစ္စနေဟာ ကာတွန်းဇာတ်ကောင်တွေပါတဲ့ Theme Park တစ်ခု ဖန်တီးချင်ခဲ့သူ ဖြစ်ပါတယ်။ ဖလော်ရီဒါမှာ ရှိတဲ့ DisneyLand ဆောက်လုပ်နေချိန်မှာ ဝေါ့ဒစ္စနေ ကွယ်လွန်ခဲ့ပါတယ်။သူ့မိသားစုဟာ ဒစ္စနေနာမည်တပ်ပြီး Walt Disney World လို့ နာမည်ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ သူသေတာ နှစ်ပေါင်း ၅၀ ကျော်ကြာခဲ့ပေမယ့် ဒီနေ့အချိန်အထိ ဝေါ့တ်ဒစ္စနေရဲ့ နာမည်ဟာ လူတိုင်းမှတ်မိနေဆဲ ဖြစ်တာပါ။
