ဝီစကီအကြောင်းပြောရင် Hinglandနဲ့ Speyside တွေက လာတဲ့ Signle Malt နဲ့ Blends တွေကပဲ လူသိများမယ်ထင်ပါတယ်။ ဒါပေမဲ့လည်း ဂျပန်မှာရှိတဲ့ ယမကာချက်လုပ်သူတွေဟာ အမျိုးကွဲမျိုးစုံနဲ့ ကိုယ်ပိုင် ရိုးရာဝီစကီတွေကို ထုတ်လာတာ နှစ်ပေါင်း ၁၀၀ ကျော်လာပြီ ဖြစ်ပါတယ်။ ဂျပန်ဝီစကီတွေဟာလည်း စကော့ Label ဝီစကီတွေအတွက် ပြိုင်ဘက်အဆင့်ကို တက်လှမ်းလာနေပါတယ်။
၂၀၁၄ ခုနှစ်ကဆို Suntory Yamazaki Single Malt ဂျပန်ဝီစကီကို ကမ္ဘာ့အကောင်းဆုံးဝီစကီအဖြစ် ဝီစကီလောကမှာ ဩဇာကြီးတဲ့ ဂျင်မ်မော်ရေးရဲ့Whisky Bible မှာ ညွှန်းဆိုခဲ့ပါတယ်။ ဒီတော့ ကမ္ဘာ့ထိပ်တန်းအကောင်းဆုံး ဝီစကီတန်းကို ရောက်လာတဲ့ ဂျပန်ဝီစကီအကြောင်း အချက်အလက်လေးတချို့ ဖော်ထုတ်ကြည့်ရအောင်ပါ။
(၁) ပေါ်ပေါက်ခဲ့တာ နှစ်တစ်ရာ
Photo: ravereviews
ဂျပန်ရဲ့ ဝီစကီချက်လုပ်မှုဓလေ့ဟာ ၁၉ ရာစုနောက်ပိုင်းက ခြေရာခံလို့ ရပါတယ်။ ဂျပန်ဝီစကီတွေ တွင်ကျယ်ကျော်ကြားလာတာ ၁၉၂၀ ပြည့်လွန်နှစ်ဆန်းပိုင်းက စတင်ခဲ့ပါတယ်။ အိုဆာကာမှာ Shinjiro Torii နဲ့ Matsesaku Taketsuru တို့ဟာ Suntory ယမကာချက်လုပ်ငန်းကို တည်ထောင်ခဲ့ပါတယ်။ Torii ဆိုတာ အရင်က ဆေးဝါးဘက်ဆိုင်ရာ နောက်ခံနဲ့ လာတဲ့သူဖြစ်ပြီး မစ္စတာ Taketsuru ဆို ငယ်ငယ်ကတည်းက စကော့တလန်မှာ ဝီစကီချက်လုပ်ငန်းပိုင်းကို လေ့လာခဲ့သူတစ်ဦးပါ။ ၁၀၂၉ မှာ သူတို့ဟာ Shirofuda ဝီစကီကို မိတ်ဆက်ခဲ့ကြပါတယ်။ နောက်တော့ Taketsuru ဟာ ဟော့ကိုင်းဒိုးမှာ သူ့ရဲ့ နာမည်ကျော် Yoichi ယမကာလုပ်ငန်းကို တည်ထောင်ခဲ့ပါတယ်။
(၂) Blended တွေရဲ့ လူကြိုက်များမှု
Photo: thrillist
ဂျပန်လူမျိုးတွေဟာ ပင်ကိုယ်အားဖြင့် Single Malt ထက် Blended ဝီစကီကို ပိုပြီး လူကြိုက်များကြပါတယ်။ ယဉ်ကျေးမှုတန်ဖိုးနဲ့ Blended ဝီစကီတွေမှာ လိုအပ်တဲ့ ရနံ့တွေရဲ့ အချိုးအဆကျမှုကလည်း အခုလို လူကြိုက်များစေတဲ့ အကြောင်းတစ်ခု ဖြစ်စေခဲ့တာပါ။ ဂျပန်ဝီစကီတွေဟာ နာမည်ကျော် ယဉ်ကျေးမှုမှာ အထင်ကရလက္ခဏာတစ်ခုဖြစ်ခဲ့ပါတယ်။ အမေရိကန်မင်းသားကြီး ဘီလ်မော်ရေးဟာ Lost in Translation မှာ Suntory သောက်ခဲ့ပြီး ဂျိမ်းစ်ဘွန်းကား You Only Live Live Twice မှာလည်း ဒီယမကာကို မြည်းစမ်းသွားခဲ့ပါတယ်။
(၃) Highball စတိုင်
Photo: liquor
ဂျပန်မှာ လူကြိုက်အများဆုံး ဝီစကီသောက်တဲ့ စတိုင်က ဆိုဒါရေနဲ့ ရေခဲနဲ့ သောက်တဲ့ Highball စတိုင်ပါ။ ၅၀ ပြည့်လွန်နှစ်တွေနဲ့ ၆၀ ပြည့်လွန်နှစ်တွေမှာ နာမည်ကျော်ကြားခဲ့တဲ့ စတိုင်ဖြစ်ပါတယ်။ ခွက်ထဲ ရေခဲတုံးတွေနဲ့ ဖြည့်ပြီး ရေခဲပေါ်မှာ ကိုယ်သောက်မယ့်ဝီစကီတွေ လောင်းထည့်ပြီး ခွက်ကို နည်းနည်းစောင်းထားရင်းနဲ့ Soda Water လောင်းထည့်ရတာမျိုး ဖြစ်ပါတယ်။
(၄) နိုင်ငံတကာ လူကြိုက်များလာခြင်း
Photo: bostonchefs
Yamazaki Single Malt နဲ့ ၂၀၁၄ မှာ ကမ္ဘာကျော်ဝီစကီစာရင်း Whisky Bible မှာ အမှတ် ၁၀၀ ထဲက ၉၇.၅ မှတ်ရခဲ့ပေမယ့် အရင် ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းက ဂျပန်ဝီစကီတွေဟာ နိုင်ငံတကာမှာ အောင်မြင်မှုရနေတာပါ။ ၂၀၀၁ ခုနှစ်မှာ Nikka က ထုတ်တဲ့ Yoichi ဝီစကီဟာ Whisky Magazine ရဲ့ Best of the Best ဆု ချီးမြှင့်ခံခဲ့ရသလို ၂၀၀၃ ခုနှစ်မှာ Suntory ရဲ့ နှစ်သုံးဆယ် သက်တမ်းရှိ Old Hibiki ဟာ International Spirits Challenge မှာ ဆုရခဲ့သလို တခြား ဂျပန်ဝီစကီအမှတ်တံဆိပ်တွေလည်း ကမ္ဘာအနှံ့ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း ဆုတွေ ရခဲ့ပါတယ်။
(၅) ထူးခြားတဲ့ ထုတ်လုပ်မှု
Photo: manofmany
ဝီစကီ သက်တမ်းအတွက်ပဲ အမေရိကန်နဲ့ ဥရောပဝက်သစ်ချသားတွေ သုံးခဲ့ပါတယ်။ ဂျပန်ဒေသသုံး Mizunara ဝက်သစ်ချသား စည်တွေကတော့ အရက်ရဲ့ ရနံ့ကိုပါ တမူထူးကဲ ဆန်းပြားစေတဲ့ အစွမ်းရှိပါတယ်။ Mizunara တွေဟာ သစ်သီးရနံ့ ၊ ပန်းရနံ့နဲ့ ချိုမြမြခံစားမှုပါ ပေးပါတယ်။ ဒါပေမယ့် ပေါင်းခံ ၊ အညှောင့်ထုတ် အခြောက်ခံဖို့ သဘာဝ peat အရင်းအမြစ် နည်းတာကြောင့် စကော့တွေလောက်တော့ Smoky ဆန်တဲ့ အရသာ မထွက်ပါဘူး။
နောက်တစ်ချက်က ဂျပန်ဝီစကီချက်လုပ်သူအများစုဟာ ဝီစကီကို တခြားနိုင်ငံတွေလို ကျောက်မီးသွေးနဲ့ သန့်စင်စစ်ထုတ်မှုမလုပ်ဘဲ ဝါးမီးသွေးနဲ့ စစ်ထုတ်တဲ့ပုံစံ သုံးပါတယ်။ Bamboo Filtration စနစ်က ဝီစကီရဲ့ အရသာကို ပိုထူးခြားစေသလို အရသာမှာ သစ်သီးရနံ့နဲ့ ပိုပြီး ချိုလွင်တဲ့ခံစားမှုထွက်စေတာလည်း ဖြစ်ပါတယ်။