Interview ဖြေဖို့ ပြင်ဆင်နေတဲ့ ကွီး တို့ ရှိပါသလား။ Interview ဖြေဖို့ပြင်ဆင်နေတဲ့ ကွီး တို့အတွက် ရလဒ်ကောင်းရစေရန် သိထားရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အချိန်သည် အရေးအကြီးဆုံး ဖြစ်ပါတယ်
Photo : Fujitsu
Interview ဖြေမယ့် ကွီး တို့အတွက် အရေးအကြီးဆုံးကတော့ အချိန်ပဲဖြစ်ပါတယ်။ ပထမဆုံးအချက်ကတော့ နောက်မကျပါနဲ့။ ဒီအချက်ကတော့ ပြောဖို့မလိုတော့လောက်အောင် ကွီးတို့သိပြီးသား ဖြစ်လောက်ပေမယ့် ယနေ့အချိန်ထိ Interview ဖြေဖို့ နောက်ကျနေတဲ့သူတွေ ရှိနေပါသေးတယ်လို့ ဆိုပါတယ်။ နောက်မကျစေဖို့အတွက် ကွီးတို့အနေနဲ့ ကိုယ် Interview ဖြေရမယ့် နေရာ၊ သွားရန်လမ်းကြောင်းနှင့်ကြာချိန်၊ ကားလမ်းကြောင်းကိုပါ ကြိုသိထားပြီး ပြင်ဆင်ထားရန် လိုပါတယ်။ အကယ်၍ ကိုယ်မမြင်နိုင်တဲ့ အခြေအနေတွေကြောင့် နောက်ကျနေပါက Interview မယ့်သူကို ယဉ်ကျေးစွာ တောင်းပန်ရန် အရေးကြီးပါတယ်။ နောက်တစ်ချက်ကတော့ Interview မယ့်အချိန်ထက် အများကြီးမစောပါစေနဲ့။ ၁၅ မိနစ်ခန့်စောရောက်တာဟာ လုံးဝကိုပြီးပြည့်စုံတဲ့ အချိန်ဖြစ်ပါတယ်။
(၂) ဝတ်စားဆင်ယင်မှုကို ဂရုစိုက်ပါ
Photo : ThreadCurve
ယနေ့ခေတ်မှာ ရုံးအများစုဟာ ဝတ်စားဆင်ယင်မှုအတွက် တင်းကျပ်လွန်းတဲ့ စည်းမျဉ်းစည်းကမ်းတွေ မရှိသော်လည်း Interview ဖြေမယ့် ကွီး တို့ကတော့ သင့်လျော်သော ဝတ်စားဆင်ယင်မှု ဖြစ်ရန် အလွန်အရေးကြီးပါတယ်။ ကိုယ့်ကို သက်တောင့်သက်သာ မဖြစ်စေတဲ့ ကျပ်လွန်းချောင်လွန်းတဲ့ အဝတ်အစားများကို ရှောင်ပါ။ ဒါ့အပြင် ကိုယ်ဖြေမယ့် Interview နဲ့လိုက်ဖက်တဲ့ သပ်ရပ်သန့်ရှင်းတဲ့ ဝတ်စားဆင်ယင်မှုဟာ ရလဒ်ကောင်းရစေရန် အထောက်အကူတစ်ခု ဖြစ်ပါတယ်။
(၃) ဖုန်းကို ပိတ်ထားပါ
Photo : PCmag
Interview ဖြေဆိုရာမှာ အရေးကြီးတဲ့ အခြေခံအကျဆုံး ကျင့်ဝတ်တစ်ခုကတော့ ဖုန်းပိတ်ထားရန် ဖြစ်ပါတယ်။ Interview နေတဲ့အချိန်မှာ ဖုန်းဝင်လာခြင်းဟာ Interview ဖြေနေတဲ့ ကွီး တို့ရော Interview မေးတဲ့ သက်ဆိုင်ရာတာဝန်ရှိသူ အတွက်ပါ အနှောင့်အယှက်ဖြစ်စေပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ပါစေ မတော်တဆဆိုတာ ရှိတတ်ပါတယ်။ အကယ်၍ Interview ဖြေနေစဉ် ဖုန်းသံမြည်လာခဲ့သည်ရှိသော် လျစ်လျူမရှုလိုက်ပါနဲ့။ Interview မေးနေတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူကို လေးလေးနက်နက် တောင်းပန်ပြီး ဖုန်းကို ချက်ချင်းပိတ်လိုက်ပါ။
(၄) သက်ဆိုင်ရာ အချက်အလက်များကိုလေ့လာထားပါ
Photo : BrightHR
ကွီးတို့အနေနဲ့ ကိုယ် Interview သွားဖြေမယ့် ကုမ္ပဏီရဲ့ နာမည်၊ ကုမ္ပဏီ အမျိုးအစား၊ ကိုယ် Interview ဖြေမယ့် နေရာနဲ့ အလုပ်တာဝန် စတဲ့ အခြေခံအချက်များကို မဖြစ်မနေ သိရှိထားရန် လိုအပ်ပါတယ်။ ထို့အပြင် Interview မစတင်ကတည်းက ကိုယ့်ကို Interview မယ့်လူနဲ့ တိုက်ရိုက် ဆက်သွယ်ခဲ့ပါက ထိုသူရဲ့ နာမည်၊ ရာထူးစသည် တို့ကို သေချာမှတ်သားထားပါ၊ လေ့လာပါ၊ အသုံးချပါ။ ကွီးတို့ရဲ့ တောင်းဆိုချက်များကိုလည်း သေချာပြင်ဆင်ထားရန် လိုအပ်ပါတယ်။ ထိုကြောင့် သိသင့်သိထိုက်သော အချက်အလက်များကို သေချာလေ့လာပြင်ဆင်ထားခြင်း သည်လည်း Interview ဖြေမဲ့ကွီးတို့အတွက် ရလဒ်ကောင်းရစေရန် များစွာအထောက်အကူ ပြုစေပါတယ်။
(၅) အမြဲပြင်ဆင်ထားပါ
Photo : Carrington West
ကွီး တို့အနေနဲ့ Interview မေးမယ့် သက်ဆိုင်ရာ တာဝန်ရှိသူနဲ့ လက်ဆွဲနှုတ်ဆက်ရမယ့် အခြေအနေရှိလာနိုင်တဲ့အတွက် လက်ဆွဲနှုတ်ဆက်ခြင်းကို လေ့လာထားပါ။ ပြုံးပါ။ Interview ဖြေဆိုနေစဉ်ရှိသင့်တဲ့ ကိုယ်နေဟန်ထားများကို လေ့လာထားပါ။ Impression ကောင်းစေရန် အပြုအမူနဲ့ ပြောဆိုပုံတို့ကို ပြင်ဆင်လေ့ကျင့်ထားပါ။ ကိုယ့်ရဲ့စိတ်အားထက်သန်မှုကို နည်းမှန်လမ်းမှန်ဖော်ပြနိုင်ရန် ပြင်ဆင်ထားရန်လည်း လိုအပ်ပါတယ်။ အခြေအနေမျိုးစုံနဲ့ မေးလာနိုင်တဲ့မေးခွန်းများကို ကြိုတင်လေ့လာထားပြီး တတ်နိုင်သလောက်ပြီးပြည့်စုံအောင် ပြင်ဆင်ထားပါ။
အထက်ပါ အချက်များကို သိရှိနားလည်ထားပြီး ပြင်ဆင်ထားခြင်းဖြင့် ကွီးတို့ Interview မှာ ရလဒ်ကောင်းရစေရန် အထောက်အကူဖြစ်စေပါတယ်။
Featured Photo : Bloomberg.com