Street Art တွေဟာ လူငယ်တွေရဲ့ ခေတ်ပေါ် အနုပညာတစ်ရပ်ဆိုလည်း မမှားပါဘူး။ သူတို့ ဖြတ်သန်းနေတဲ့ ခေတ်ကြီးကို သူတို့ အမြင်ရှုထောင့်အတိုင်း မှတ်တမ်းတင်နေကြတာ ဖြစ်လို့ ထူးခြားမှုရှိပါတယ်။

Source: Lifeboat.com

အမေရိကန်ဆီယက်တဲမှာနေတဲ့ လူငယ်နှစ်ဦးကတော့ Invisible Art ဆိုပြီး ခပ်ဆန်းဆန်း အနုပညာတစ်ရပ်ကို လမ်းမတွေပေါ်မှာ လိုက်ပြီး ရေးဆွဲဖော်ကျူးနေပါတယ်။ Invisible Art ဆိုတဲ့ အတိုင်း သာမန်မျက်စိနဲ့ ကြည့်လို့ မြင်ရမှာ မဟုတ်ဘဲ ဒီပန်းချီပေါ် ရေလောင်းချလိုက်မှ မြင်ရမှာပါ။

မိုးရွာတဲ့ နေ့များတွေမှာ ဆန်းပြားတဲ့ လမ်းများကို မြင်ရစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးလိုက်တဲ့ မိုးရာသီအနုပညာ ပြကွက်ဖြစ်ပါတယ်။ Invisible Art ဟာ သာမန်အတိုင်းဆို မျက်စိနဲ့ မမြင်နိုင်တဲ့ စာသားနဲ့ ပုံရိပ်များကို ဒီဇိုင်းဖော်တဲ့ ကတ်ပြားခံပြီး ရေစိုမှ မြင်နိုင်တဲ့ မှုတ်ဆေးတစ်မျိုးနဲ့ ရေးထားတာဖြစ်ပါတယ်။ ဒီအနုပညာကို ဆီယက်တဲလ်မြို့မှ ဇက်ခ်ဖစ်ရှာနဲ့ ပယ်ရီဂရင်း ချာ့ဂ်ျတို့မှ တီထွင်ခဲ့ပါတယ်။ သူတို့ နှစ်ယောက်ပေါင်းပြီး ဆီယက်တဲလ်မြို့ရဲ့ လမ်းတွေပေါ်မှာ ဖန်တီးကြတာပါ။

Source: Rainworks

မှုတ်ဆေးအနုပညာရှင် ပယ်ရီဂရိန်း ချာ့ဂ်ျဟာ မြို့အနှံ့မှာ ဒီလို မိုးရာသီအနုပညာပြကွက်ပေါင်း ၂၅ ခုကနေ ၃၀ အထိ ဖန်တီးခဲ့ပါတယ်။ သူ့အနေနဲ့ ဆီယက်တဲလ်လို မိုးနည်းဒေသမှ မြို့ခံများအတွက် ပျော်စရာကောင်းတဲ့ စံပြအနုပညာတစ်ရပ်ကို ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ သူနဲ့ သူ့မိတ်ဆွေ ဖစ်ရှာတို့ရဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေတဲ့ ၁၉ ဒေါ်လာတန် ရေစိုခံမှုတ်ဆေးတစ်မျိုးကို သုံးခဲ့တာပါ။ မိုးရွာပြီဆိုတာနဲ့ ကွန်ကရစ် ပတ်ပတ်လည်က တစ်ခြားနေရာတွေမှာ ရေစိုနေပေမယ့် စပရေးမှုတ်ထားတဲ့ နေရာက ခြောက်သွေ့ ကျန်ရစ်ခဲ့ပါတယ်။

ဒီအနုပညာမှာ ရွှင်မြူးအားတက်ဖွယ် စာသားများ ၊ ချစ်စရာ့ပုံလေးများပါဝင်ပြီး ယင်းစာနဲ့ ပုံများကို ကြည့်ဖို့အတွက် လမ်းပေါ်ကို ရေလောင်းပေးရမှာ ဖြစ်ပါတယ်။ ဒီအနုပညာတင်ဆက်မှုဟာ စိတ်ကူးစိတ်သန်းကောင်းသလို ပျော်စရာလည်း ကောင်းပါတယ်။ ရေစိုမှ ပေါ်လာတဲ့ ပန်းချီ ၊ ကဗျာစာသားနဲ့ ရုပ်ပုံတွေဟာ မှော်ဆန်လှတာကြောင့် ဆီယက်တဲလ်မှ လမ်းသွားလမ်းလာများကတော့ လူသွားလမ်းကွန်ကရစ်များပေါ် ရေလောင်းလို့ ပေါ်လာတဲ့ စာသားများကို သဘောကျနေကြပါတယ်။