နေ့လည်နေ့ခင်း တစ်ရေးတစ်မောအိပ်စက်ရတာကို နှစ်သက်ပါသလား။ နေ့လည်နေ့ခင်း တစ်ရေးတစ်မောအိပ်စက်ခြင်းဟာ ပင်ပန်းနွမ်းနယ်မှုများကို အလျင်အမြန်လျော့ချပေးပြီး ခန္ဓာကိုယ်အတွက် ကုန်ခမ်းသွားတဲ့ Energy တွေကို ပြန်လည်အားဖြည့်ကာ အားအင်ပြည့်ဝလန်းဆန်းစေမှာဖြစ်ပါတယ်။သို့ပေမယ့် နေခင်းဘက် အိပ်စက်ချိန်ကို အရမ်းကြာမြင့်တာမျိုး မဖြစ်စေဘဲ ၁၅ မိနစ်ကနေ မိနစ် ၃ဝ ခန့်သာ အိပ်စက်ဖို့အသင့်တော်ဆုံး ဖြစ်ပါတယ်။အဲ့လို ခေတ္တခဏအိပ်စက်လိုက်ပါက သင့်ရဲ့ ခန္ဓာကိုယ်မှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိလာနိုင်လဲဆိုတာ ဆက်လေ့လာ ကြည့်ရအောင်။

Source: TV Fanatic

လန်းဆန်းတက်ကြွစေတယ် – နေ့လည်ဘက်အရမ်းအိပ်ငိုက်လာတဲ့အခါ မိနစ် ၂၀ (သို့) နာရီဝက်ခန့် တစ်ရေးအိပ်လိုက်ပါ။ အိပ်ယာနိုးလာချိန်မှာတော့ သိသိသာသာ အားအင်ပြည့်ဝလန်းဆန်းနေမှာဖြစ်ပြီး တစ်နေ့တစ်နေ့ရဲ့ လက်ကျန်အချိန်တွေကို တက်ကြွစွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

စိတ်ဖိစီးမှုလျော့ကျစေတယ် – နေ့လည်နေ့ခင်း တစ်ရေးတစ်မောအိပ်စက်ခြင်းဟာ စိတ်ဖိစီးမှုများစွာကို လျော့ကျစေနိုင်ပါတယ်။ မနက်ခင်းမှာကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေ စိတ်ရှုပ်စရာကိစ္စတွေကို နေလည်ဘက် ခေတ္တခဏ အိပ်စက်ခြင်းနဲ့ ဖြေရှင်းလို့ရပါတယ်။ ဒါ့အပြင် ပြဿနာဖြေရှင်းဖို့ အကြံဉာဏ်ကောင်းတွေကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။

မှတ်ဉာဏ်စွမ်းရည် တိုးတက်စေတယ် – နေ့ခင်းဘက် တစ်ရေးတစ်မောအိပ်စက်သူတွေဟာ မှတ်ဉာဏ် စွမ်းရည်ပိုကောင်းကြောင်း သုတေသီရဲ့လေ့လာချက်တွေအရ သိရပါတယ်။ နေ့လည်ဘက် ခဏတာအိပ်စက်ခြင်းဟာ ဦးနှောက်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာစွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးပြီး မှတ်ဉာဏ်စွမ်းရည် တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

ကော်ဖီထက်ပိုကောင်းတယ် – နေ့လည်နေ့ခင်းအိပ်ငိုက်တဲ့အခါ ကော်ဖီသောက်ပြီး လန်းဆန်းအောင်လုပ်လေ့ရှိပါတယ်။ တစ်ရေးတစ်မော အိပ်စက်ခြင်းဟာ ကော်ဖီထက် ပိုကောင်းတဲ့ လန်းဆန်းတက်ကြွမှုကို ပေးစွမ်းနိုင်တဲ့တစ်ခုတည်းသော သဘာဝနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အရမ်းအိပ်ငိုက်တဲ့အခါ ကော်ဖီအများကြီးသောက်တာထက် မိနစ်၂၀ ခန့် မှေးစက်အနားယူလိုက်ပါ။

Source: True Life Recovery

စွမ်းဆောင်ရည်တိုးတက်စေတယ် – နေ့လည်နေ့ခင်း တစ်ရေးမှေးစက်လိုက်ခြင်းဟာ ကိုယ့်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ပိုမိုတိုးတက်လာစေမှာဖြစ်ပါတယ်။ တစ်ရေးမှေးစက်အနားယူလိုက်ခြင်းဖြင့် မိမိလုပ်နေတဲ့ အလုပ်အပေါ် အာရုံစူးစိုက်မှု ပိုမိုတိုးတက်စေမှာဖြစ်ပြီး အမှားပြုလုပ်မှုလည်းနည်းပါးစေမှာဖြစ်ပါတယ်။ အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေ ပြီးမြောက်အောင်မြင်ချင်ရင်တော့ နေ့လည်ဘက်တစ်ရေးအိပ်စက်အနားယူလိုက်ပါ။