ပင်လယ်ရေညှိဆိုတာကတော့ သဘာဝကပေးတဲ့ ကျန်းမာရေး ဓာတ်စာတစ်မျိုးပဲ ဖြစ်ပါတယ်။ ပင်လယ်ရေညှိတွေကို ကမ္ဘာတစ်ဝှမ်းက ကမ်းစပ်ကျောက်ဆောင်တွေမှာ တွေ့ရတက်ပေမယ့် ဂျပန်၊ ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေလို အာရှနိုင်ငံအများစုမှာသာ စားသုံးကြတာ ဖြစ်ပါတယ်။

များသောအားဖြင့် ပင်လယ်ရေညှိဟာ အစိမ်းရောင်ပုံစံရှိပြီး အနီရောင် ၊ အညိုရောင် ၊ အနက်ရောင်နဲ့ မတူညီတဲ့ ရေညှိအမျိုးအစားပေါင်း များစွာလည်း ရှိပါတယ်။ ဆူရှီ၊ စွပ်ပြုတ် ဟင်းချို၊ အသုပ်နဲ့ ဖျော်ရည်တွေမှာ အများဆုံးထည့်သွင်းစားသုံးလေ့ရှိကြပြီး သိပ္ပံနည်းကျလေ့လာချက်များအရ ပင်လယ်ရေညှိဟာ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိနေတာပဲ ဖြစ်ပါတယ်။

(၁) ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်တယ်

 seaweed
Photo : Healthline

ပင်လယ်ရေညှိဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေရဲ့ အဓိက အရင်းမြစ်တစ်ခုပဲ ဖြစ်ပါတယ်။ ပင်လယ်ရေညှိမှာ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် အီး နဲ့ ဗီတာမင် ကေတို့ အနည်းငယ်ပါဝင်ပြီး ဖောလိတ်၊ ဇင့်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်စတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ omega-3 fats ၊ ဗီတာမင် B12 နဲ့ အမိုင်နိုအက်ဆစ်ဓာတ်တွေလည်း  ပါဝင်တာတွေ့ရပါတယ်။

(၂) သိုင်းရွိုက်လုပ်ဆောင်ချက်ကို ကောင်းမွန်စေတယ်

seaweed

Photo : Surfer Today

ပင်လယ်ရေညှိမှာ သိုင်းရွိုက်လုပ်ဆောင်ချက်အတွက် အရေးကြီးတဲ့ အိုင်အိုဒင်းဓာတ်တွေ ပေါများစွာ ပါရှိပါတယ်။ အိုင်အိုဒင်းချို့တဲ့ခြင်းဟာ သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရဲ့ အဓိကကြောင်းရင်းတစ်ရပ်ဖြစ်ပြီး အလွယ်တကူ ပင်ပန်းနွမ်းနယ်ခြင်း၊ အအေးဒဏ် မခံနိုင်ခြင်း၊ ကြွက်သားနဲ့ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းစတဲ့ လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းညီမျှပြီး ခန္ဓာကိုယ်ကောင်းစွာလည်ပတ်နိုင်ဖို့ အိုင်အိုဒင်းဓာတ်ကြွယ်ဝတဲ့ ပင်လယ်ရေညှိတွေကို စားပေးနိုင်ပါတယ်။

(၃) ဆီးချိုရောဂါ သက်သာစေတယ်

seaweed

Photo : Broadsheet

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ ဆီးချိုရောဂါကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ ဘာလို့ဆို အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်ပမာဏကို ထိန်းညှိပေးတာကြောင့်ပါ။ ပင်လယ်ရေညှိဟာ ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့အကောင်းဆုံး စားစရာတစ်ခု ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ကလေ့လာမှုတစ်ခုအရ ပင်လယ်ရေညှိမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ type 2 ဆီးချိုရောဂါကို သက်သာစေနိုင်ပြီး ဆီချိုရောဂါဖြစ်စေနိုင်တဲ့ ရောင်ရမ်းခြင်း၊ အဆီပမာဏများခြင်းနဲ့ အင်ဆူလင်မမျှတခြင်းတွေကို လျော့ချပေးနိုင်ပါတယ်။

(၄) ကိုယ်အလေးချိန်ကျဖို့ ကူညီပေးနိုင်တယ်

seaweed
Photo : Sarah J. Reed, Lifestyle Coach

ကိုယ်အလေးချိန် လျော့ချချင်သူတွေအတွက် အမျှင်ဓာတ်က များစွာကူညီပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ ပင်လယ်ရေညှိတွေဟာ ကယ်လိုရီပါဝင်မှုနည်းပြီး ဗိုက်ပြည့်စေတာကြောင့် အစာစားချင်စိတ်ကို ထိန်းညှိပေးနိုင်သလို အလွန်အကျွံစားခြင်းကိုလည်း လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပင်လယ်ရေညှိမှာ antioxidant ပါဝင်မှုများတဲ့အတွက် နှလုံးကျန်းမာရေးကို ကောင်းမွန်စေဖို့ အကောက်အကူဖြစ်စေပါတယ်။