ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီးပေါ်မှာ ကြီးကျယ်ခမ်းနားတဲ့ ကျွန်းကြီးတွေ အများကြီးရှိကြတယ်။ ကမ္ဘာ့အကြီးဆုံးကျွန်းတွေ လူတို့ဖန်တီးပြုလုပ်ထားတဲ့ကျွန်းတွေ စသဖြင့် ကျွန်းကြီးတွေအများကြီး ရှိပါတယ်။
တချို့ကျွန်းတွေဟာ မြေပုံပေါ်တွင် ရေးမှတ်ထားပြီး အပြင်လောကမှာ အမှန်တကယ်တည်ရှိခြင်းမရှိကြပါဘူး။ ဒီကျွန်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြတဲ့သူတွေဟာ ကျွန်းတွေကို သူတို့တကယ်မြင်ဖူးခဲ့ကြောင်း ကျွန်းပေါ်ကို အမှန်တကယ် ခြေချဖူးကြောင်း ပြောဆိုဖူးတာတွေလည်းရှိပါတယ်။ ဒါပေမယ့် ပညာရှင်တွေသွားစစ်ဆေးတဲ့အချိန်မှာတော့ ကျွန်းတွေကိုတွေ့ရှိခဲ့ခြင်းမရှိပဲ ကျယ်ပြောတဲ့ ကမ်းခြေတွေကိုသာ တွေ့ရှိခဲ့ကြပါတယ်။
ဒီနေ့ kwee page က အပြင်လောကတွင် အမှန်တကယ်တည်ရှိခြင်းမရှိသော မြေပုံပေါ်မှ ကျွန်းတွေအကြောင်း ပြောပြပေးသွားမှာပါ။
Sandy ကျွန်း
Source: BBC
(၂၀၁၂) ခုနှစ်တွင် ဒီကျွန်းကို အပြင်မှာတကယ်တည်ရှိခြင်းမရှိကြောင်း ကြေညာခဲ့ပါတယ်။ ဒီမတိုင်ခင်တုံးက Sandy ကျွန်းဟာ Google Earth တွင် နယူးကယ်လီဒိုးနီးယား (ပစိဖိတ်) နှင့် သြစတြေးလျ တိုက်ကြားမှာ တည်ရှိကြောင်း ဖော်ပြထားတာပါ။ ဗြိတိသျှ သင်္ဘော ကြီးတစီးဖြစ်တဲ့ Velocity ဟာ (၁၈၇၆) ခုနှစ်တွင် အဆိုပါကျွန်းတည်ရှိကြောင်း အတည်ပြုခဲ့ပါတယ်။ ဗြိတိသျှတို့ရဲ့ မြေပုံပေါ်မှာတော့ (၁၉၀၈) ခုနှစ်မှာ ထည့်သွင်းရေးဆွဲခဲ့ပါတယ်။
University of Sydney မှသိပ္ပံပညာရှင်တွေက Sandy ကျွန်းတည်ရှိကြောင်းကို အတည်ပြုဖို့ ရှာဖွေဖို့ကြိုးစားခဲ့ပေမယ့် တွေ့ရှိခဲ့ခြင်းမရှိခဲ့ပါဘူး။ Velocity သင်္ဘောသားတွေဟာ ရေအောက်မီးတောင်ပေါက်ကွဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မြေစိုင်ခဲကြီးတွေကို ကျွန်းအဖြစ် အမြင်မှားခဲ့ဟန် တူကြောင်း ပညာရှင်တွေက ကောက်ချက်ချခဲ့ကြပါတယ်။
Saint Brendan ကျွန်း
Source: Journal of The Bizarre
ဒီကျွန်းကိုတော့ အေဒီ (၅၁၂) မှာ အိုင်းရစ်ရှ် လူမျိုး ဘုန်းကြီးဖြစ်သူ Saint Brendan ကရှာဖွေတွေ့ရှိခဲ့တာပါ။ ကျွန်းရဲ့နာမည်ကိုတော့ သူ့ကိုအစွဲပြုပြီး ပေးခဲ့ကြတာပါ။ သူနဲ့အတူ အခြားဘုန်းကြီး (၁၃) ပါးတို့ဟာ ကျွန်းပေါ်မှာ (၂) ပတ်ခန့် အခြေချနေထိုင်ခဲ့ကြောင်းကိုလည်း ပြောဆိုထားတာတွေရှိပါတယ်။
Barino လိုအမည်ရတဲ့ဘုန်းကြီးတစ်ပါးကလည်း အဆိုပါကျွန်းဟာ ပန်းတွေ၊ ငှက်တွေ တောတောင်တွေနဲ့ သာသာယာယာ ရှိကြောင်း ကျွန်းတည်ရှိမူကို အတည်ပြုပေးခဲ့ပါသေးတယ်။ ဒါပေမယ့် (၁၃) ရာစုရောက်လာသည့်တိုင်အောင် မည်သူမျှရှာဖွေတွေ့ရှိခဲ့ခြင်းမရှိတာကြောင့် Saint Brendan ကျွန်းကို မတည်ရှိကြောင်း အတည်ပြုခဲ့ကြပါတယ်။
(၁၄၀၀) ပြည့်နှစ်တွေမှာ ပေါ်တူဂီဘုရင်က အဆိုပါကျွန်းရှိတယ်လို့ ပြောထားတဲ့နေရာကို သင်္ဘော အချို့စေလွှတ်ခဲ့ပေမယ့် ပြန်လာနိူင်ခဲ့ခြင်းမရှိခဲ့ပါတယ်။ အဆိုပါကျွန်းဟာ (၁၈) ရာစုအထိ အချို့သော မြေပုံပေါ်မှာ တွေ့နိူင်ပြီး အပြင်မှာတော့ ဘယ်သူမှ ရှာဖွေနိူင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ လူတိုင်းက အဆိုပါကျွန်းကို အမှန်တကယ်တည်ရှိခြင်းမရှိကြောင်း သဘောတူခဲ့ကြပါတယ်။
The Journal of the Bizarre ဝက်ဆိုဒ်ကတော့ Saint Brendan ကျွန်းဟာအမှန်တကယ်တည်ရှိခဲ့ကြောင်း ဒါပေမယ့် နှစ်တွေကြာလာတဲ့အခါမှာ ရေအောက်ကို နှစ်မြှပ်သွားခဲ့တာဖြစ်နိူင်ကြောင်း ရေးသားခဲ့ပါသေးတယ်။ တကယ်လည်း တချို့သော ကျွန်းတွေကို ရေအောက်ကမ္ဘာမှာ ရှဖွေတွေ့ရှိနိူင်တာကြောင့် Saint Brendan ကျွန်း အမှန်တကယ်တည်ရှိခဲ့တယ်ဆိုတဲ့ The Journal of the Bizarre ဝက်ဆိုဒ်ရဲ့ ရေးသားမူက မှန်နိူင်တယ်လို့ ယူဆနိူင်ဖွယ်ရှိနေပါတယ်။
Isle of Demons ကျွန်း
Source: Alchetron
ဒဏ္ဍရီပုံပြင်တွေအရ Isle of Demons ကျွန်းပေါ်တွင် လူတွေကို တိုက်ခိုက်တတ်ကြတဲ့ နတ်ဆိုးတွေ သားရဲတိရစ္ဆာန်တွေနဲ့ ပြည့်နှက်နေခဲ့တယ်လို့ ပြောဆိုထားတာတွေ ရှိပါတယ်။ အဆိုပါကျွန်းကို (၁၇) အလယ်ပိုင်းလောက်မှာ အမှန်တယ်တည်ရှိခြင်းမရှိဟုဆိုကာ မြေပုံပေါ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။
Dougherty ကျွန်း
Source: Interesting Engineering
Dougherty ကျွန်းဟာ အမှန်တကယ်တည်ရှိခြင်းမရှိပါဘူး။ သင်္ဘော Captain တစ်ယောက်ဖြစ်သူ Daniel Dougherty ဟာ (၁၈၄၁) ခုနှစ်မှာ အဆိုပါကျွန်းတည်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ အခြား သင်္ဘောသား များစွာကလည်း အဆိုပါကျွန်းကို တွေ့ရှိခဲ့ဖူးကြောင်း အတည်ပြုပေးခဲ့ကြတာတွေရှိခဲ့ပါတယ်။ ဒါပေမယ့် Captain Scott ကတော့ ကျွန်းကိုရှာဖွေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မတွေ့ရှိခဲ့တာကြောင့် (၁၉၀၄) ခုနှစ်မှာ အဆိုပါကျွန်းတည်ရှိမူကို မြေပုံပေါ်ကနေ ပယ်ဖျတ်ခဲ့ကြပါတယ်။
(၁၉၃၇) ခုနှစ်အရောက်မှာတော့ သြစတြေးလျ၊နယူးဇီလန်၊ ဗြိတိသျှ ပညာရှင်တွေပူးပေါင်းပြီး အဆိုပါကျွန်းကို ထပ်မံရှာဖွေခဲ့ပေမယ့် တွေ့ရှိခဲ့ခြင်းမရှိခဲ့တာကြောင့် မြေပုံပေါ်ကနေ အပြီးအပိုင် ပယ်ဖျတ်ခဲ့ကြပါတယ်။