အာဆင်နယ်ကြယ်ပွင့်နောက်ခံကစားသမား ဒေးဗစ်လုဇ်ဟာ ဘင်ဖီကာအသင်းမှာ နောက်ထပ်တစ်ကြိမ် ထပ်ကစားဖို့ ပြန်သွားချင်နေတယ်လို့ ပြောကြားခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။
ဗစ်တိုးရီးယားကနေ ဘင်ဖီကာကို ကနဦး အငှားစာချုပ်နဲ့ ပြောင်းရွှေ့ချိန်မှာ ဒေးဗစ်လုဇ်ဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးပြီး ပရော်ဖက်ရှင်နယ်ပွဲစဉ်တွေမှာ ပါဝင်ကစားခွင့်ရတဲ့အရေအတွက်ဟာ လက်တစ်ဆုပ်စာသာ ရှိနေသေးတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒေးဗစ်လုဇ်ဟာ ၂၀၀၇ ခုနှစ် နွေရာသီမှာ ဘင်ဖီကာအသင်းက ၎င်းကို အပြီးသတ်ခေါ်ယူချင်လာအောင် လုံလောက်တဲ့ကြိုးစားအားထုတ်မှုမျိုး ပြသနိုင်ခဲ့ပြီး ချယ်ဆီးအသင်းကို ယူရို ၂၅ သန်းနဲ့ မပြောင်းရွှေ့မီ ၄ နှစ်ကြာ ကစားပေးခဲ့တာဖြစ်ပါတယ်။
Photo: goal.com
စံချိန်တင်ပြောင်းရွှေ့ကြေး၊ ချယ်ဆီးနဲ့ ပီအက်စ်ဂျီအသင်းတို့မှာ ရရှိခဲ့တဲ့ဆုဖလားပေါင်းများစွာ၊ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၅၀ ကျော်ပါဝင်ကစားပြီးဖြစ်ပေမယ့် ဒေးဗစ်လုဇ်ဟာ ပေါ်တူဂီမှာ နေခဲ့ရတဲ့ဘဝကို သတိရနေဆဲဖြစ်ပြီး ဘင်ဖီကာအသင်းကနေ ထွက်ခွာဖို့ တွန့်ဆုတ်နေခဲ့တယ်လို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။
“ကျွန်တော် ဘင်ဖီကာကို စွန့်ခွာဖို့ ကြောက်ရွံ့နေခဲ့တယ်။ ဇာတ်လမ်းအသစ်တစ်ခုကို စတင်ရမှာကို ကြောက်ရွံ့နေခဲ့တယ်”
“အဲဒီတော့ ဘောလုံးဒါရိုက်တာ ရူအီကော်စတာက ကျွန်တော့်ကို ဆွဲခေါ်ပြီး စကားပြောခဲ့တယ်။ ကျွန်တော် ဘင်ဖီကာက ကျွန်တော့်ရဲ့ဇာတ်လမ်း၊ ဒီနိုင်ငံမှာနေထိုင်ပြီး ဘင်ဖီကာအတွက် ကစားပေးနေရတဲ့ စိတ်ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တာကို အဆုံးသတ်ရမှာ ကြောက်ရွံ့နေခဲ့တယ်”
Photo: fourfourtwo
“ကျွန်တော် ကော်စတာကို ပြောခဲ့တယ်။ ကျွန်တော် မသွားချင်ဘူး။ ကျွန်တော် ဒီမှာပဲနေချင်တယ်ဆိုပြီးပေ့ါ။ ရူအီ ကျွန်တော့်ကို ပြန်ပြောတဲ့အရာက ကျွန်တော့်ရင်ထဲကို ထိသွားစေခဲ့တယ်။ တံခါးတွေက မင်းအတွက် အမြဲတမ်းဖွင့်ပေးထားမှာပါ။ မင်းရဲ့ဘောလုံးအဆင့်အတန်းကို တစ်ကမ္ဘာလုံးသိအောင် ထုတ်ဖော်ပြသဖို့ လိုအပ်တယ်တဲ့”
“ကျွန်တော် ဘယ်တုန်းကမှ ဘင်ဖီကာနဲ့ အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ အဲဒါက ကျွန်တော့်နှလုံးသားထဲမှာရှိနေတာပါ။ အားလုံးက ကျွန်တော်ပြန်လာချင်တယ်ဆိုတာကို သိကြပါတယ်”
“ကျွန်တော် ဘင်ဖီကာရှပ်ကို နောက်ထပ်တစ်ကြိမ်ဝတ်ချင်ပြီး အဲဒီအာရုံခံစားမှုကို ခံစားချင်တယ်။ ကျွန်တော် အဲဒီကို ပြန်သွားတဲ့နေ့ဟာ အရမ်းကို ထူးခြားပါလိမ့်မယ်။ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးခံစားချက်တွေထဲကတစ်ခုဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။