မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟောင်း ဂျက်ပ်စတန်းက မန်ချက်စတာယူနိုက်တက်ရဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလ ခေါ်ယူမှုဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ကို အသင်းရဲ့ဂန္တဝင်ကွင်းလယ်ကစားသမား ပေါလ်စခိုးနဲ့ နှိုင်းယှဉ်ခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
ပေါ်တူဂီကွင်းလယ်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် ၆၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ယူနိုက်တက်နဲ့ ၅ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တဲ့ကစားသမားဖြစ်ပါတယ်။
Photo: Metro
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ယခုလအစ ဝုဗ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပြီး ပြီးခဲ့တဲ့တနင်္လာနေ့ညနေက ချယ်ဆီးအသင်းအိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပုံစံကောင်းပြသခဲ့သူဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟောင်း ဂျက်ပ်စတန်းက သရဲနီတပ်သားသစ်ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ခြေစွမ်းကို ချီးကျူးပြောကြားခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ နှစ်ပေါင်း ၂၀ ကြာကစားပေးခဲ့ရာမှာ ပရီးမီးယားလိဂ်ဖလား ၁၁ လုံးအထိ ကိုင်မြှောက်နိုင်ခဲ့တဲ့ ယူနိုက်တက်ဂန္တဝင်ကစားသမား ပေါလ်စခိုးနဲ့ ဆင်တူတဲ့ကစားသမားလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Photo: HITC
“ဖာနန်ဒက်စ်က စခိုးနဲ့ နည်းနည်းဆင်တူတယ်လို့ ကျွန်တော် ထင်ပါတယ်”
“သူက အမြဲတမ်းကို ရှေ့တန်းမှာ ကစားဖို့ပဲ ကြည့်နေတဲ့သူပါ”
“သူ့မှာ ဂိုးသွင်းယူနိုင်တဲ့ အရည်အချင်းလည်းရှိပါတယ်။ အလွတ်တည်ကန်ဘောလည်း အရမ်းကောင်းပါတယ်။ အရမ်းကောင်းမွန်တဲ့ ပေးပို့မှုတွေလည်း ပြုလုပ်နိုင်ပြီး သူက အမြဲတမ်း နေရာတစ်ခုထဲမှာ ဘောလုံးရယူပြီး ပွဲကို လွှမ်းမိုးထားနိုင်ဖို့်ပဲ ကြိုးစားနေတဲ့သူပါ”
“သူက လုံးဝကြီး တူတယ်တော့မဟုတ်ပါဘူး။ စခိုးလ်ကတော့ ဘောလုံးမကိုင်ထားဘဲ နည်းနည်းပိုကြမ်းကြမ်းကစားတတ်တဲ့သူပါ။ ဒါပေမယ့် ဘောလုံးအသိဉာဏ်စွမ်းရည်မှာတော့ သူက ပေါလ်စခိုးနဲ့ ဆင်တူပါတယ်”လို့ ပြောကြားခဲ့ပါတယ်။