မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျက်ဆီ လင်ဂတ်ကို တစ်ပတ်လုပ်ခလစာ ပေါင် ၁၃၀၀၀၀ တန်ကြေးရှိတဲ့ ၃ နှစ်စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းကို ၅ လ အငှားစာချုပ်နဲ့ သွားရောက်ကစားပေးခဲ့တဲ့ကာလအတွင်း သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့အထိ အကျိုးသက်ရောက်မှုရှိခဲ့ပြီးနောက် ဝက်စ်ဟမ်းအသင်းရဲ့ အလိုရှိခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ဘရူနို ဖာနန်ဒက်စ်ကတောင် ဒေးဗစ် မိုရက်စ် လက်အောက် ကြောက်မက်ဖွယ် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂျက်ဆီ လင်ဂတ်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားသမားလို့တောင် ချီးကျူးခဲ့သေးတာဖြစ်ပါတယ်။

Photo: SportBible
“ဒီမှာရှိတဲ့အားလုံးက သူ့အတွက် တကယ်ကို ပျော်ရွှင်နေကြပါတယ်။ သူ ယုံကြည်မှု ပြန်လည်ရရှိလာပြီး သူ့ရဲ့ ခြေစွမ်းတွေ ပြန်ရနေပါပြီ။ ဘာလို့လဲဆိုတော့ သူ ယုံကြည်မှုရှိနေတယ်လို့ ခံစားနေရလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။
တဖန်ပြန်လည်ရှင်သန်လာခဲ့တဲ့ လင်ဂတ်ဟာ အရှေ့လန်ဒန်မှာ အချိန်ကောင်းတွေကို ကျိန်းသေပေါက် ပိုင်ဆိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းယူနိုက်တက်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပေါင် ၂၅ သန်း သတ်မှတ်မှုနဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၁၁၀၀၀၀ ပေးချေဖို့အတွက် ရုန်းကန်နေရတယ်လို့ The Daily Star က ဖော်ပြခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ တစ်ပတ်လုပ်ခ ပေါင် ၁၃၀၀၀၀ တန်ကြေးရှိတဲ့ လစာတိုး စာချုပ်သစ်ကို ကမ်းလှမ်းပြီး အခြေအနေကို ရှုပ်ထွေးအောင် ပြုလုပ်တော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး စာချုပ်သစ်မှာ နောက်ထပ် ၁ နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။
လင်ဂတ်အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံမလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပြီး ပထမအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့က အဓိကသော့ချက်ဖြစ်တယ်လို့ လင်ဂတ်က ပြောကြားခဲ့ဖူးပါတယ်။
“ပုံမှန်ပွဲကစားရတာက ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာပါ။ အငှားနဲ့ ထွက်ကစားပြီး အသင်းမှာ ကောင်းမွန်တဲ့အရာတွေ ရရှိခဲ့ပြီးတဲ့နောက် ခင်ဗျား ကျွန်တော့်ပုံစံအစစ်ဖြစ်တဲ့ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေကို စတင်မြင်ခဲ့ရပါပြီ”

Photo: SportBible
“ကျွန်တော့်ရဲ့ အရည်အချင်းနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ သံသယမရှိခဲ့ပါဘူး။ ကျွန်တော့်ကိုယ် ကျွန်တော် အမြဲတမ်း ယုံကြည်ခဲ့ပါတယ်။ ကျွန်တော် ရာသီကြိုကာလမှာ နည်းပြဆိုးလ်ရှားကို စကားပြောခဲ့ပြီး ပွဲကစားချိန်လိုတယ်လို့ ပြောခဲ့ပါတယ်။ သူက ငါတို့ အဲဒါကို ဒီဇင်ဘာကျရင် ဆွေးနွေးနိုင်တယ်လို့ ပြန်ပြောခဲ့ပါတယ်။ နောက်တခါ စကားထပ်ပြောခဲ့ပြီးတော့ သူက ကျွန်တော့်ကို အငှားနဲ့ ထွက်ကစားဖို့ သဘောတူညီမှုပေးခဲ့တယ်”
“ကျွန်တော် ဝက်စ်ဟမ်းမှာရှိခဲ့တဲ့အချိန်အတွင်းမှာလည်း သူနဲ့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ပါတယ်။ သူက အရမ်းအားပေးတတ်ပြီး ကျွန်တော့်အတွက် အရမ်းကောင်းတဲ့ အငှားကာလဖြစ်ခဲ့ပါတယ်”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။
