စပိန်ကလပ်အသင်းတသင်းဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းဟာ အသက် (၁၉) နှစ်အရွယ် ဘင်ဖီကာကစားသမား ဂျာအိုဖေးလစ်စ်ကို ယူရိုသန်း ၁၂၆ သန်းနဲ့ ခေါ်ယူလိုက်ပါပြီ။ အက်သလက်တီကိုအသင်းဟာ ဂျာအိုဖေးလစ်စ်ကို စာချုပ်ပါလျှော်ကြေး ယူရိုသန်း ၁၂၀ ထက် ၆ သန်း ပိုပေးပြီး အခြားအသင်းတွေထက်လက်ဦးမှုရအောင် ခေါ်ယူခဲ့ တာပါ။

Source: RTP

အဆိုပါပြောင်းရွှေ့မှုဟာ ဂျာအိုဖေးလစ်စ်ကို သမိုင်းတလျှောက် ပဉ္စမမြောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမားတယောက် ဖြစ်စေခဲ့ပါတယ်။ မိုနာကိုအသင်းကနေ PSG အသင်းကို ယူရိုသန်း ၁၈၀ နဲ့ ပြောင်းရွှေ့သွားတဲ့ Mbappe ပြီးရင် ဒုတိယဈေးအကြီးဆုံး ဆယ်ကျော်သက်ကစားသမားဖြစ်လာခဲ့ပါတယ်။အက်တလက်တီကို အသင်းသမိုင်းတလျှောက် ဈေးအကြီးဆုံးကစားသမား ခေါ်ယူမှုအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။

ဂျာအိုဖေးလစ်စ်ဟာ အက်တလက်တီကိုအသင်း နဲ့ ၇ နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့သိရပါတယ်။ ဂျာအိုဖေးလစ်စ်ဟာ ဘင်ဖီကာအသင်းနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၁၈-၂၀၁၉ မှာစတင်ခဲ့ပါတယ်။ အသင်းအတွက် ပွဲပေါင်း ၄၃ ပွဲထိပါဝင်ကစားပေးထားပြီး ဂိုးပေါင်း ၂၀ ထိသွင်းယူပေးထားကာ အသင်းကိုပေါ်တူဂီအမှတ်ပေးဖလားရအောင် ကူညီပေးခဲ့ပါတယ်။

Source: Record.pt

ဂျာအိုဖေးလစ်စ်က မိခင်နိုင်ငံ ပေါ်တူဂီအသင်းအတွက် ဇွန်လမှာ ကျင်းပခဲ့တဲ့ နေရှင်းလိဂ် ဆီးမီဖိုင်နယ်ပွဲစဉ်တခုဖြစ်တဲ့ ဆွစ်ဇလန်နဲ့ပွဲမှာ ပထမဆုံးပါဝင်ကစားပေးခဲ့ပါတယ်။ အဆိုပါပွဲမှာ ရော်နယ်ဒိုနဲ့ တွဲဖက်ကစားခဲ့ရပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ဖေးလစ်စ်ကို မန်ယူ၊ မန်စီးတီးနဲ့ အခြားနာမည်ကြီး ဥရောပကလပ်တွေက် ခေါ်ယူဖို့ကြိုးစားခဲ့ပါသေးတယ်။ သူဟာ ယူရိုပါလိဂ်ပွဲစဉ်တခုဖြစ်တဲ့ Eintracht Frankfurt အသင်းနဲ့ပွဲမှာ ဘင်ဖီကာအသင်းအတွက် ဟက်ထရစ် သွင်းယူပေးခဲ့ပါတယ်။ အဆိုပါဟက်ထရစ်ဂိုးကြောင့် ဖေးလစ်စ်ဟာ Europa League ပြိုင်ပွဲတွင် ဘင်ဖီကာနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ အသက်ငယ်ဆုံး ဟက်ထရစ်သွင်းယူနိုင်တဲ့သူဖြစ်လာခဲ့ပါတယ်။

Source: Manchester Evening News

အက်တလက်တီကိုအသင်းဟာ အသင်းကနေထွက်ခွာတော့မှာဖြစ်တဲ့ Griezmann နေရာမှာ အစားထိုးဖို့ ဖေးလစ်စ် ကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ Griezmann ဟာအသင်းရဲ့ပြိုင်ဘက် ဘာစီလိုနာအသင်းကို ယူရိုသန်း ၁၂၀ နဲ့ ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။