အလုပ်လုပ်ဖို့ပဲ ဖြစ်ဖြစ် အသက်မွေးဝမ်းကြောင်း ရွေးဖို့ပဲ ဖြစ်ဖြစ် စဉ်းစားနေတယ်ဆိုရင် သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး စိတ်နေသဘောထားပေါ် လိုက်ပြီး အလုပ်အကိုင်ရွေးချယ်ဖို့ ပြောချင်ပါတယ်။ လူဆိုတာ ကိုယ်နဲ့ အံဝင်တဲ့ အလုပ်မျိုးမှာမှ ကြီးပွားအောင်မြင်နိုင်တာ မဟုတ်လား။
ကိုယ့်စရိုက်နဲ့ လိုက်ဖက်တဲ့ အလုပ်အကိုင်ရွေးချယ်ဖို့အတွက် ဂျွန်အယ်လ် ဟော်လန်ရဲ့ အလုပ်အကိုင်ရွေးချယ်မှု သီအိုရီဆိုတာ ရှိပါတယ်။ ဒီသီအိုရီက အလုပ်နဲ့ အပ်စပ်တဲ့ လူ့စရိုက် နဲ့ အလုပ်အကိုင်ပတ်ဝန်းကျင် ၆ မျိုးကို ခွဲခြားပြထားတာပါ။ ကဲ ဘယ်လို စရိုက်ရှိတဲ့ လူတွေက ဘယ်လို အလုပ်မျိုးနဲ့ လိုက်ဖက်သလဲ ကြည့်ရအောင်ပါ။
(၁) လက်တွေ့ကျသူ
Photo: Unsplash
လက်တွေ့ကျတဲ့ Realistic စရိုက်ပိုင်ရှင်တွေက အလုပ်လုပ်သူ Do’er တွေ ဖြစ်ပါတယ်။ ဒီလိုလူတွေက ကျွမ်းကျင်မှု ၊ သန်စွမ်းခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေ လိုအပ်တဲ့ ကာယအလုပ်တွေ လုပ်ရတာ ပိုကြိုက်ပါတယ်။ စရိုက်သဘာဝအားဖြင့် Realistic တွေက ရိုးဖြောင့်ပြီး တည်ငြိမ်တယ်။ လက်တွေ့ကျပြီး စည်းကမ်းနဲ့ အလုပ်လုပ်တယ်။ ဒီလို စရိုက်ရှိသူတွေ လုပ်သင့်တဲ့ အလုပ်တွေကတော့ ဗိသုကာ ၊ လယ်ယာလုပ်ငန်းနဲ့ အင်ဂျင်နီယာအလုပ်တို့ ဖြစ်ပါတယ်။
(၂) စုံစမ်းစိစစ်တတ်သူ
Photo: Unsplash
သူများထက်ပို အလေးအနက် စူးစမ်းတတ်သူ Investigative စရိုက်သမားတွေက အတွေးအခေါ်သမား Thinker တွေ ဖြစ်ပါတယ်။ ဒီလိုလူတွေက သီအိုရီတွေ ၊ သတင်းအချက်အလက်တွေနဲ့ အလုပ်လုပ်ရတာ ကြိုက်ပြီး တွေးခေါ်ရတဲ့ အလုပ် ၊ နားလည်မှု ယူရတဲ့ အလုပ်မျိုးတွေ သဘောကျကြပါတယ်။ စရိုက်သဘာဝအားဖြင့် ခွဲခြမ်းလေ့လာသုံးသပ်တတ်ကြပါတယ်။ စူးစမ်းပြီး လွတ်လွတ်လပ်လပ် အလုပ်လုပ်တတ်ကြပါတယ်။ အလုပ်အကိုင်အနေနဲ့ ရှေ့နေ ၊ သင်္ချာပညာရှင် နဲ့ ပါမောက္ခလိုမျိုး အလုပ်တွေ လုပ်သင့်ပါတယ်။
(၃) အနုပညာဆန်သူ
Photo: Unsplash
တစ်ခုခုဆို အလှအပဘက်က ကြည့်တတ်သူတွေ Artitic စရိုက်ရှိသူတွေက ဖန်တီးရေးသမား Creator တွေ ဖြစ်ပါတယ်။ ဖန်တီးမှုရှိပြီး ကိုယ်ပိုင်စနစ်နဲ့ အလုပ်လုပ်ချင်သူတွေ ဖြစ်ပါတယ်။ စိတ်ကူးဉာဏ်ကောင်းပြီး ဖန်တီးဖို့အတွက် ဘောင်မထားသူမျိုးပါ။ ထူးခြားတဲ့ အိုင်ဒီယာ ရှိသလို ခံစားလွယ်ပြီး လက်တွေ့မဆန်ဘူးလို့ သတ်မှတ်ခံရသူတွေ ဖြစ်ပါတယ်။ အလုပ်အကိုင်အရဆို အနုပညာအလုပ် ၊ ဂီတသမားနဲ့ စာရေးဆရာအလုပ်တွေနဲ့ လိုက်ဖက်ပါတယ်။
(၄) ပေါင်းသင်းတတ်သူ
Photo: Unsplash
ဆိုရှယ်ကျတဲ့ လူမျိုးကို အကူအညီပေးသူ Helper တွေလို့ သတ်မှတ်ထားပါတယ်။ သူတို့ရဲ့ အားသာချက်က တခြားသူတွေရဲ့ ကိစ္စတွေ ဝင်ပြီး ပါဝင်ကူညီပေးရတာ ဝါသနာပါပြီး တခြားသူတွေ စိတ်သက်သာရာရအောင် ကုစားပေးတာ ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ရတာ ကြိုက်ကြပါတယ်။ စရိုက်အနေနဲ့ ပူးပေါင်းလုပ်ဆောင်တတ်ပြီး ရင်းနှီးဖော်ရွေမှု ရှိကြပါတယ်။ ပေါင်းတတ်သင်းတတ်ပြီး နားလည်မှုရှိတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒီလိုလူတွေ ရွေးချယ်သင့်တဲ့ အလုပ်အကိုင်တွေကတော့ အတိုင်ပင်ခံအလုပ် ၊ ဆရာဝန်နဲ့ ကျောင်းဆရာအလုပ်မျိုးတွေပါ။
(၅) အခွင့်အလမ်းရှာတတ်သူ
Photo: Unsplash
တချို့လူတွေက မွေးကတည်းက ခေါင်းဆောင်အမှတ်အသားနဲ့ မွေးလာတယ်လို့ ပြောရအောင် ခေါင်းဆောင်စိတ်ရှိတတ်ကြပါတယ်။ ဒီလိုလူတွေက အပြိုင်အဆိုင် ရုန်းကန်ရတဲ့ ပတ်ဝန်းကျင်တွေကို သဘောကျတယ်။ ခေါင်းဆောင်မှုပေးရပြီး လွှမ်းမိုးရတာ ကြိုက်တယ်။ ရောင်းတတ်တယ်။ ဈေးကွက်သိတယ်။ ရည်မှန်းချက်ကြီးပြီး ထက်သန်တက်ကြွတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ လူမျိုးပါ။ ဒီလိုစရိုက်ပိုင်ရှင်တွေဟာ စီမံခန့်ခွဲမှု ၊ ဈေးကွက်ဖော်ဆောင်ရေးနဲ့ အရောင်းဝန်ထမ်းအလုပ်မျိုးတွေနဲ့ ပိုအကျိုးပေးပါတယ်။
(၆) သမရိုးကျလူ
Photo: Unsplash
Conventional Type စရိုက်ရှိသူတွေက တိတိကျကျသမားတွေ။ စည်းကမ်းလိုက်နာ ဘေးကင်းကွာဆိုတဲ့ ရှေးရိုးဆန်တဲ့လူတွေ ဖြစ်ပါတယ်။ သိပ်ပြီး ရည်မှန်းချက်ကြီးကြီး မရှိတတ်ပါဘူး။ စိတ်ကူးလည်း မယဉ်တတ်သလို အပြောင်းအလဲတွေနဲ့လည်း အံမဝင်လွယ်သူမျိုးပါ။ သူတို့အတွက်ကတော့ စာရင်းကိုင် ၊ စာရေးနဲ့ အယ်ဒီတာ အလုပ်တွေက သင့်တော်တယ်လို့ ဆိုပါတယ်။
Featured Photo: ziprecruiter