စီမံခန့်ခွဲမှုနဲ့ ဈေးကွက်စီးပွားရေးလောကမှာ ဂျွန်စီမက်စ်ဝဲလ် (John.C Maxwell) ဆိုရင် မသိတဲ့သူ ရှားပါလိမ့်မယ်။ စာအုပ်ပေါင်း ၆၀ ကျော် ရေးသားခဲ့တဲ့အပြင် Motivational Speaker တစ်ယောက်အနေနဲ့ရော Leadership Coach တစ်ယောက်အနေနဲ့ပါ အောင်မြင်တဲ့ ဟောပြောပွဲတွေ ကျင်းပနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဂျွန်စီမက်စ်ဝဲလ်ပြောခဲ့တဲ့ စကားတွေဟာ အောင်မြင်ချင်သူတွေအတွက် လက်စွဲစကားအဖြစ် မှတ်သားစရာကောင်းလှပါတယ်။ ဒီထဲကမှ မှတ်သားဖွယ်ရာ အဆိုအမိန့်တစ်ချို့ကို ထုတ်နှုတ်မိတ်ဆက်လိုက်ပါတယ်။

Photo: nbforum

(၁) “လူတစ်ယောက်ဟာ ကိုယ့်အမှားကို ဝန်ခံရဲလောက်အောင် ကြီးမြတ်ရမယ်။ အမှားကနေ အမြတ်ထွက်အောင် တော်ရမယ်။ အမှားကို ပြန်ပြင်နိုင်လောက်အောင် ကြံ့ခိုင်နေရမယ်။”

(၂) “သူလိုကိုယ်လို လူတွေနဲ့ အောင်မြင်မှု ရနေတဲ့သူတွေအကြား ခြားနားချက်ကတော့ အမှားပေါ် သဘောထားနဲ့ တုန့်ပြန်မှုပဲ ဖြစ်တယ်“

(၃) “အကောင်းဆုံးရဖို့ တော်ရုံလောက်ကို ငြင်းဖို့ သင်ယူထားပါ”

(၄) “ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းကြီးကို ကြည့်လိုက်ပါ။ လူတိုင်းက ပိန်ချင်တယ်။ ဘယ်သူမှတော့ အစာရှောင် Diet မလုပ်ဘူး။ လူတိုင်း အသက်ရှည်ရှည် နေချင်တယ်။ လေ့ကျင့်ခန်း လုပ်ချင်သူက နည်းတယ်။ ငွေကို ဘယ်သူမဆို လိုချင်ကြပြီး အသုံးစရိတ်ကို ခြိုးခြံချွေတာဖို့တော့ လုပ်ချင်သူ သိပ်မရှိဘူး”

Photo: nbforum

(၅) “လူတွေက သင့်စကားကို ကြားကောင်းကြားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သင့်သဘောထားကိုပဲ သူတို့က ခံစားမိမှာပါ”

(၆)”တကယ်လို့ သင်ဟာ ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်ဆိုရင် လူတိုင်း အားပေးမှုလိုအပ်တယ်ဆိုတာ မမေ့ပါနဲ့။ အားပေးတိုက်တွန်းမှု ရတဲ့သူတွေဟာ ငယ်ငယ် ကြီးကြီး ၊ မြင့်မြင့် နိမ့်နိမ့် ၊ အညတရပဲ ဖြစ်ဖြစ် ထင်ပေါ်သူပဲ ဖြစ်ဖြစ် ပြောင်းလဲသွားစေနိုင်လို့ ဖြစ်ပါတယ်။” ဂျွန်စီမက်စ်ဝဲလ်ရဲ့ ဒီအဆိုအမိန့်လေးတွေထဲကနေ တစ်ခုခု ရလိမ့်မယ်လို့ ထင်ပါတယ်။