မော်ရင်ညိုဟာ ရိုးမားအသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေး ပထမဆုံးရက်မှပဲ အသင်းလူစာရင်းက ပထမအသင်းပွဲထွက်ကစားသမား ၈ ဦးကို ထုတ်ပစ်ခဲ့ပြီး အသင်းသစ်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ပြသခဲ့ပါတယ်။

ဟိုဆေး မော်ရင်ညိုဟာ ပြီးခဲ့တဲ့ ဧပြီလမှာ တော့တင်ဟမ်ဟော့စပါးအသင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် နည်းပြအလုပ်ကို ပြန်လည်လုပ်ကိုင်ခဲ့တာဖြစ်ပြီး ကရာဘောင်ဖလားဗိုလ်လုပွဲမှာ စပါးက မန်စီးတီးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မတိုင်မီ ရက်ပိုင်းအလိုမှာ ပရီးမီးယားလိဂ်ကလပ်မှာ စိတ်ပျက်ဖွယ် ၁၇ လတာ ကာလကို အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ရာသီ စီးရီးအေအမှတ်ပေးဇယားမှာ အဆင့် ၇ နေရာမှာသာ ရာသီပြီးဆုံးနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာလည်း မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

Jose Mourinho Axed EIGHT Roma Players From Training On First Day Of Pre-Season

Photo: Sportbible

မော်ရင်ညိုဟာ ဇူလိုင်လ ၁ ရက်နေ့မှာ ရိုးမားအသင်းရဲ့ နည်းပြသစ်အဖြစ် စတင် တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကြီးမားတဲ့ နွေရာသီ ရှင်းလင်းရေးတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ Sky Sport Italia ရဲ့ ဖော်ပြချက်အရ စပယ်ရှယ်ဝမ်းဟာ ၎င်းရဲ့ အစီအစဉ်နဲ့ အံမဝင်ဘူးဆိုပြီး ရိုးမားအသင်းရဲ့ ပထမအသင်း လေ့ကျင့်ရေးကနေ ကစားသမား ၈ ဦးကို ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။

လေ့ကျင့်ရေးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ကစားသမား ၈ ဦးထဲက တစ်ဦးကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ အေဂျက်အသင်းကနေ ပေါင် ၁၅.၁၆ သန်းနဲ့ခေါ်ယူခဲ့တဲ့ ဂျပ်စတင် ကလွိုက်ဗက်ဖြစ်ပြီး ချဲလ်ဆီးကြယ်ပွင့်ဟောင်း ပက်ဒရိုကလည်း ယခုနွေရာသီမှာ ရိုးမားကို စွန့်ခွာနိုင်တယ်လို့ ပြောကြားခြင်းခံထားရတဲ့ နောက်ထပ်ကစားသမားဖြစ်တယ်လို့ သိရပါတယ်။ ကျန်တဲ့ ကစားသမား ၆ ဦးကတော့ မော်ရင်ညို ရောင်းထုတ်ချင်နေတဲ့ အန်တီ ကိုရစ်၊ ရော်ဘင် အော်ဆန်၊ ဒါဗီဒေး ဆန်တန်၊ ပက်စတိုရီ၊ အန်ဇွန်ဇီနဲ့ ဖက်ဒရီကို ဖာဇီယိုတို့ဖြစ်တယ်လို့ Sky Sport Italia က ဖော်ပြခဲ့ပါတယ်။