မော်ရင်ညိုဟာ မန်ချက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ကရာဘောင်းဖလား ဗိုလ်လုပွဲမတိုင်မီ ထုတ်ပယ်ခံခဲ့ရပြီးနောက် နည်းပြဘဝတလျှောက် ဆုဖလားပေါင်း ၂၅ လုံးခွဲ အနိုင်ရရှိခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မော်ရင်ညိုဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို ၁၇ လကြာ တာဝန်ယူ ကိုင်တွယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဧပြီလမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းကို ဝင်ဘလေကွင်းမှာ မန်ချက်စတာစီးတီးအသင်းနဲ့ ကရာဘောင်းဖလား ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနိုင်အောင် နည်းပြပေးခဲ့ပြီးနောက် ဗိုလ်လုပွဲမကစားမီ ရက်အနည်းငယ်မှာပဲ မော်ရင်ဟိုဟာ ရာထူးကနေ ထုတ်ပယ်ခံခဲ့တာဖြစ်ပါတယ်။

Jose Mourinho Claims He Has Won '25-And-A-Half Trophies'

Photo: sportbible

ရိုင်ယန် မေဆန်က ယာယီနည်းပြအဖြစ် စပါးအသင်းကို ကရာဘောင်းဖလားဗိုလ်လုပွဲမှာ တာဝန်ယူကိုင်တွယ်ခဲ့ပြီး မန်ချက်စတာစီးတီးအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ မော်ရင်ညိုရဲ့ ထူးခြားတဲ့နည်းပြဘဝတလျှောက် ပေါ်တို၊ ချဲလ်ဆီး၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်အသင်းတို့ကို ကိုင်တွယ်စဉ်ကာလအတွင်း အဓိကဆုဖလားတွေကို ကိုင်မြှောက်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး တီဗွီအစီအစဉ်တင်ဆက်သူ ဂျိမ်းစ် ကော်ဒန်နဲ့ စကားပြောဆိုရာမှာ ၎င်းရဲ့လက်ရှိ ဆုဖလားပိုင်ဆိုင်မှုဟာ ၂၅ လုံးခွဲဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား ကျွန်တော့်ကို စိတ်အားတက်ကြွစေချင်တယ်ဆိုရင် အခု ကျွန်တော့်ကို ခင်ဗျား နည်းပြဘဝမှာ ဘယ်လောက်အထိ ဆုဖလားတွေကို အနိုင်ရခဲ့လဲလို့ မေးနိုင်ပါတယ်။ ကျွန်တော် ၂၅ လုံးခွဲ ရထားတယ်လို့ ပြောမှာပါ။ တစ်ဝက်က စပါးနဲ့ ကျွန်တော် မကစားခဲ့ရတဲ့ ဗိုလ်လုပွဲပါ”

“ဗိုလ်လုပွဲတွေ အများကြီး ကစားခဲ့ဖူးတဲ့ လူတွေကို ခင်ဗျား မေးကြည့်လိုက်ပါ။ အကုန်လုံးက ခင်ဗျားကို ဗိုလ်လုပွဲကစားဖို့ဆိုတာ အိပ်မက်ပဲလို့ ပြောလိမ့်မယ်။ အဲဒါက ပထမဆုံး ဗိုလ်လုပွဲ ဒါမှမဟုတ် အကြိမ် ၂၀ ဒါမှမဟုတ် အကြိမ် ၅၀ ပဲဖြစ်ဖြစ် အဲဒါက အရေးမကြီးဘူး။ ဗိုလ်လုပွဲကတော့ အမြဲတမ်း အိပ်မက်ပါပဲ”

Jose Mourinho has 25 medals in his trophy cabinet across Europe

Photo: The Sun

“ဝင်ဘလေကွင်းက ဗိုလ်လုပွဲက အိပ်မက်ဆိုတာထက်ကို ပိုပါတယ်။ ကျွန်တော် ဝင်ဘလေကွင်းသစ်မှာ ပထမဆုံးဗိုလ်လုပွဲကို ကစားခဲ့ပြီး အဲဒီကို ကျွန်တော် ယှဉ်ပြိုင်ဖို့ သွားရတိုင်း အိပ်မက်ထက်ကို ပိုတယ်။ ဆုဖလားတွေ များများစားစားမရဖူးတဲ့အသင်းနဲ့ ဆုဖလားရရှိဖို့ အခွင့်အရေးရှိနေတာဆိုတော့ အိပ်မက် ၂ ထပ်ကွမ်းပေါ့”

“ကျွန်တော်က အသင်းကနေ ထွက်တဲ့အခါမှာ လူတွေကို အဆင်ပြေဖို့ ဆုတောင်းပေးတတ်တဲ့ လူမျိုးပါ။ ဒါပေမယ့် ရယ်စရာအဖြစ်နဲ့တော့ ကျွန်တော် ဆုဖလား ၂၅ လုံးနဲ့ တစ်ဝက် ရထားတယ်လို့ ပြောရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော့် နည်းပြဘဝမှာ အမှတ်ရနေမယ့် တစ်စုံတရာမို့လို့ပါ။ ကျွန်တော် ဗိုလ်လုပွဲကို သွားခွင့် ရရှိခဲ့ပေမယ့် ဗိုလ်လုပွဲ မကစားခဲ့ရဘူးလေ”လို့ ပြောကြားခဲ့ပါတယ်။