တော့တင်ဟမ်ဟော့စပါးနည်းပြ ဟိုဆေးမော်ရင်ဟိုဟာ ကျော်ကြားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းရဲ့ကွင်းလယ်ကစားသမား သီယာဂိုမော်တာ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဘာစီလိုနာနည်းပြ ပက်ဂွါဒီယိုလာနားကပ်ပြီး ဘာပြောခဲ့လဲဆိုတာကို နောက်ဆုံးမှာ ထုတ်ဖော်ပြောကြားခဲ့ပြီလို့ Metro က ဖော်ပြခဲ့ပါတယ်။

နာမည်ကြီးနည်းပြ ၂ ဦးဖြစ်တဲ့ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာတို့ဟာ ၂၀၁၀ ခုနှစ်က အားပြိုင်ခဲ့ကြတာဖြစ်ပြီး ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်သရဖူကို ကာကွယ်နိုင်တဲ့ပထမဆုံးအသင်းဖြစ်လာဖို့အတွက် ရည်မှန်းထားခဲ့တာဖြစ်ပါတယ်။

Photo: Metro

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ပထမအကျော့ ဆန်စီရိုမှာ ဝက်စ်လေစနိုက်ဒါ၊ ဒီယေဂိုမီလီတိုတို့ရဲ့ အကောင်းဆုံးခြေစွမ်းပြသွင်းဂိုးတွေကြောင့် ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး မော်ရင်ဟိုက ဒုတိယအကျော့ နူးကမ့်မှာ ၎င်းရဲ့နည်းပြဘ၀ အကောင်းဆုံးခံစစ်ကစားပုံကို ပြသခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်ကြယ်ပွင့် သီယာဂိုမော်တာဟာ ပွဲချိန် ၂၈ မိနစ်မှာပဲ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး အင်တာမီလန်က ၁ ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့်လည်း ပွဲချိန်အတော်များများကို ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် ဂျရတ်ပီကေးက ၈၄ မိနစ်မှာ နောက်ကျသွင်းဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း ၂ ကျော့ပေါင်း ၃-၂ နဲ့ အင်တာမီလန်က ဗိုလ်လုပွဲတက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ယင်းပွဲစဉ်ရဲ့ အထင်ရှားဆုံးပုံရိပ်တွေထဲကတစ်ခုအဖြစ် အင်တာမီလန်နည်းပြ မော်ရင်ဟိုက ဇလာတန်အီဘရာဟီမိုဗစ်ကို နည်းစနစ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုတွေ ပြုလုပ်နေတဲ့ ဂွါဒီယိုလာနားကို ကပ်သွားခဲ့ပြီး ၎င်းတို့ ပြောဆိုနေတာကို နားထောင်ခဲ့ပြီးနောက် ဂွါဒီယိုလာနားကို တိုးတိုးလေး ကပ်ပြောခဲ့တဲ့ပုံလည်း တစ်ခုအပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုက လက်ရှိအချိန်မှာတော့ ယင်းဖြစ်စဉ်မှာ ပြိုင်ဘက်နည်းပြ ပက်ဂွါဒီယိုလာကို ဘာပြောခဲ့လဲဆိုတာ ထုတ်ဖော်ပြောကြားခဲ့ပြီဖြစ်ပြီး ဘာစီလိုနာအသင်းအရန်ခုံတန်းနေရာက လူတွေအားလုံးက ပွဲစဉ်ကို အနိုင်ရပြီးသားဆိုတဲ့ပုံစံမျိုး တုံ့ပြန်ခဲ့ကြတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ပွဲကြည့်စင်တွေမှာ ခင်ဗျား အလှည့်အပြောင်းတွေကို ကြုံတွေ့ရဖို့ အချိန်ရှိမှာပါ။ ခင်ဗျား လုပ်လို့ရနိုင်တာက ဆုတောင်းနိုင်တာပဲ။ ဒါပေမယ့် ကွင်းထဲမှာတော့ ခင်ဗျား ဖြေရှင်းနည်းကို ရှာဖွေရမှာပါ။အဲဒီပွဲစဉ်က ကျွန်တော့်နည်းပြဘဝမှာ အံ့အားသင့်စရာအကောင်းဆုံး နိုင်ပွဲလို့ ကျွန်တော် ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာမဟုတ်ပါဘူး။ အရမ်းကောင်းတဲ့အခြေအနေနဲ့အတူ ၃-၂ နဲ့ အနိုင်ရခဲ့တာပါ”

Photo: fcbarcelonanoticias

“ဘတ်စ်ကွက်က ကျွန်တော်တို့ ၂ သင်းခုံတန်းကြားမှာ လဲကျသွားပြီး သီယာဂိုမော်တာ ထုတ်ပယ်ခံခဲ့ရတဲ့အချိန်မှာ ကျွန်တော် သူတို့ဘက်ကို မျက်လုံးထောင့်ကပ်ပြီး လှမ်းကြည့်ခဲ့တယ်။ ကျွန်တော့်ရဲ့မျက်လုံးထောင့်ကနေ ဘာစီလိုနာအရန်ခုံတန်းကလူတွေက သူတို့ ပွဲကို အနိုင်ရပြီးသလို အောင်ပွဲခံနေတာကို မြင်တွေ့ခဲ့ရပါတယ်”

“ဂွါဒီယိုလာက အီဘရာဟီမိုဗစ်ကို ခေါ်ပြီး ၁၀ ယောက်နဲ့ ၁၁ ယောက် ကစားရမယ့် နည်းစနစ်အကြောင်း ပြောခဲ့တယ်။ ကျွန်တော် သူ့ကို အနားကပ်ပြီးပြောခဲ့တာက အောင်ပွဲမခံနဲ့အုံး။ ဒီပွဲက မပြီးသေးဘူးလို့ ပြောခဲ့တာပါ”လို့ အီတလီသတင်းစာ Gazzetta နဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။