ရာဖာ ဘင်နီတက်ဇ်ကို ရာထူးက ထုတ်ပယ်ပြီးတဲ့နောက် အဲဗာတန်အသင်းရဲ့ နည်းပြအသစ်ဖြစ်လာမယ့်အခွင့်အရေးအား နည်းပြဟိုဆေးမော်ရင်ညို ပယ်ချခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
အဲဗာတန်အသင်းဟာ မကြာသေးမီကပဲ ကလပ်ရဲ့ ယာယီနည်းပြအဖြစ် အဲဗာတန်ကြယ်ပွင့်ဟောင်း ဒန်ကန်ဖာဂူဆန်ကို ခန့်အပ်ခဲ့ကြောင်းအတည်ပြုခဲ့ပြီး အသင်းအနေနဲ့ အမြဲတမ်းနည်ပြသစ်နေရာအတွက် အချိန်မီဆုံးဖြတ်သွားဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

Photo : Daily Mail
Sky Sports ရဲ့ ဖော်ပြချက်အရတော့ အဲဗာတန်အသင်းဟာ နည်းပြမော်ရင်ညိုတာဝန်ယူနေတဲ့ လက်ရှိ ကလပ်ရိုးမားအသင်းနဲ့ ဆက်သွယ်မှုတွေ မလုပ်ရသေးပေမယ့် ချိတ်ဆက်မှုတွေလုပ်သွားဖို့ အစီအစဉ်ရှိနေတယ်လို့ သိရပါတယ်။
အဲဗာတန်အသင်းပိုင်ရှင် ဖာဟတ် မိုရှီရီကလည်း လာမယ့်ရက်ပိုင်းအတွင်းမှာ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ စပါးနည်းပြဟောင်းတွေကို ခေါ်ယူနိုင်ရေးအတွက် ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
သို့သော်လည်း မော်ရင်ဟိုဟာ အီတလီမှာ ပျော်ရွှင်နေပြီး လက်ရှိ စီးရီးအေ ကလပ်ရိုးမားအသင်းမှာပဲ ဆက်ရှိနေလိမ့်မယ်လို့ ပြောဆိုမှုတွေရှိနေတာ ဖြစ်ပါတယ်။ ပေါ်တူဂီသား နည်းပြဟာ ရိုးမားအသင်းနဲ့ စာချုပ်သက်တမ်း ခြောက်လသာ ရှိသေးပြီး အသင်းကတော့ လက်ရှိ စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အဆိုပါ ရလဒ်တွေအရ ရိုးမားအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေဟာ မှေးမှိန်ပျောက်ကွယ်နေရပြီး နည်းပြမော်ရင်ညိုကိုလည်း အပြစ်တင်ဝေဖန်မှုတွေရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပြမော်ရင်ဟို အနေနဲ့တော့ ၎င်းအပေါ်မှာရှိနေတဲ့ သံသယတွေကို မှားယွင်းကြောင်း သက်သေပြဖို့ စိတ်အားထက်သန်နေပြီး အဆင့် ၅ နေရာမှာရှိနေတဲ့ ဂျူဗင်တပ်အသင်းနဲ့ အဆင့် ၆ နေရာက ဖီအိုရင်တီးနားအသင်းတွေကို လိုက်မီဖို့ ကြိုးစားချင်နေတာ ဖြစ်ပါတယ်။

Photo : The Sun
အဲဗာတန်အသင်းရဲ့ ပစ်မှတ်တွေထဲမှာ မော်ရင်ညိုအပါအဝင် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၁၃ ရာသီကြာ ကစားခဲ့တဲ့ အဲဗာတန်အကယ်ဒမီထွက် ဒါဘီအသင်းနည်းပြ ဝိန်းရွန်နီ နဲ့ ချဲလ်ဆီးနည်းပြဟောင်း ဖရန့်လမ်းပတ်တို့လည်းပါဝင်နေခဲ့ပြီး နည်းပြသစ်ရာထူးအတွက် အလားအလာရှိတဲ့ နည်းပြအဖြစ် ပစ်မှတ်ထား ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။
သတင်းတွေအရ အဲဗာတန်အသင်းဟာ ဘင်နီတက်ဇ်နေရာမှာ အစားထိုးဖို့ ဘယ်လ်ဂျီယံအသင်းနည်းပြ ရောဘတ်တို မာတီနက်ဇ်ကိုလည်း ရွေးထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဗာတန်အသင်းအနေနဲ့ မာတီနက်ဇ် ဘယ်လ်ဂျီယံအသင်းထံကနေ ပြန်လည်ခေါ်ယူနိုင်ဖို့ဆိုတာကတော့ ခက်ခဲဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။
Featured Photo : America News
