ဒေါ့မွန်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဂမ်က ယခုနွေရာသီမှာ ဘာမင်ဂမ်စီးတီးကနေ ဒေါ့မွန်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့အချိန်မှာ မန်ချက်စတာယူနိုက်တက်က အရမ်းကောင်းမွန်တဲ့လူစာရင်းရှိတယ်လို့ ယုံကြည်ပေမယ့်လည်း ကောင်းတိုင်းလည်း အပြောင်းအရွှေ့က ထပ်တူမကျဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အသက် ၁၇ နှစ်အရွယ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ကိုယ်တိုင် လေ့ကျင့်ရေးကွင်းကို လှည့်လည်ပြသခြင်းခံခဲ့ရပြီး အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေအခိုင်အမာထွက်ပေါ်ခဲ့ပေမယ့် ဂျာမနီကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်သွားခဲ့တာဖြစ်ပါတယ်။ ဘယ်လင်ဂမ်ဟာ ယခုရာသီ ချန်ပီယံလိဂ်နဲ့ ဘွန်ဒက်စ်လီဂါမှာ ဂိုးဖန်တီးမှုအများအပြား ပြုလုပ်ထားပြီး ဒေါ့မွန်ရဲ့ လိဂ်အဖွင့်ပွဲစဉ် ၆ ပွဲမှာ ၄ ပွဲ ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။

Photo: footballng
မန်ချက်စတာယူနိုက်တက်ဟာ ဘယ်လင်ဂမ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ၎င်းရဲ့ ခြေစွမ်းကို ပြသလိမ့်မယ်လို့ မျှော်လင့်ခဲ့ပြီး အင်္ဂလန်ယူ-၂၁ ကစားသမားကို ခေါ်ယူဖို့အတွက် အခိုင်အမာကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ဘယ်လင်ဂမ်က ဒေါ့မွန်ဆီကနေ ကမ်းလှမ်းခြင်းခံခဲ့ရတဲ့အချိန်မှာ နောက်ထပ်သွားရမယ့်နေရာက ဘယ်နေရာလဲဆိုတာ သံသယဖြစ်စရာတောင် မရှိခဲ့တာဖြစ်ပါတယ်။
“ခင်ဗျား သိပါတယ်။ မန်ယူနိုက်တက်က အရမ်းကောင်းတဲ့လူစာရင်းရှိပေမယ့် ကျွန်တော့်ဆုံးဖြတ်ချက်က မန်ယူနိုက်တက်နဲ့ပတ်သက်ပြီး ဘာမှ လုပ်စရာမရှိဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်”

Photo: Goal.com
“ကျွန်တော် ဒေါ့မွန်ဆီက စိတ်ဝင်စားမှုကို အရမ်းအာရုံစိုက်ထားပြီး အရမ်းပျော်ရွှင်နေခဲ့တာကြောင့် အဲဒါက ကျွန်တော့်ရဲ့ ပထမဦးစားပေးရွေးချယ်မှုဖြစ်လာခဲ့တယ်”
“ကျွန်တော့်အတွက်တော့ ရွေးချယ်စရာက ဒေါ့မွန်ပဲ။ ခင်ဗျားအတွက် အကောင်းဆုံးနေရာဖြစ်မယ့် တစ်နေရာရာကို ရှာတွေ့တဲ့အခါမှာ ခင်ဗျား ကျန်တဲ့အရာအားလုံးကို လစ်လျူရှုလိုက်မှာပဲလေ။ ကျွန်တော်ဆိုလိုတာကို နားလည်တယ်မလား”လို့ ပြောကြားခဲ့ပါတယ်။
