ဘောလုံးချစ်ပရိသတ်တွေအနေနဲ့ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးကြီး ဘက်တစ္စတာရဲ့ မြက်ခင်းစိမ်းပေါ်က ဘောလုံးကစားနေတဲ့ ပုံရိပ်တွေကို ထပ်မံမြင်တွေ့ခွင့်ရမှာ မဟုတ်တော့ပါဘူး။ အသက် (၃၇) နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင်ဟောင်း တိုက်စစ်မှူးဘက်တစ္စတာကတော့ လက်ရှိမှာဘောလုံးကစားသမားဘဝကနေ အပြီးတိုင်အနားယူမှာဖြစ်တယ်လို့ ဖွင့်ပာပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

နာမည်ကြီးကလပ်အသင်းတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နှင့် အာဆင်နယ်အသင်းတို့မှာ အချိန်အတော်ကြာကစားခဲ့တဲ့ တိုက်စစ်မှူးဘက်တစ္စတာဟာ ကစားသမားသက်တမ်းနှစ် (၂၀) ကျော်ဖြတ်သန်းခဲ့ပြီးနောက် အခုလိုဘောလုံးသမားဘဝက အနားယူဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

Source : besoccer.com

တိုက်စစ်မှူးဘက်တစ္စတာဟာ ၂၀၀၀ ခုနှစ်မှ စတင်ကာ ဘရာဇီးလ်ကလပ်အသင်းတစ်ခုဖြစ်တဲ့ ဆာပေါ်လိုအသင်းနဲ့အတူ ၎င်းရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပါတယ်။ ၎င်းရဲ့ကစားသမားဘဝစတင်ခဲ့တဲ့ ဆာပေါ်လိုအသင်းအပါအဝင် တခြားသောကလပ်အသင်း စုစုပေါင်း (၉) သင်းတိတိမှာ ကစားခဲ့ဖူးပြီး ကမ္ဘာကျော်နာမည်ကြီး ဥရောပကလပ်အသင်းတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်း၊ အာဆင်နယ်အသင်းနဲ့ ရိုးမားအသင်း စတဲ့အသင်းကြီးတွေမှာလည်း ကစားခဲ့တာဖြစ်ပါတယ်။

၂၀၁၈-၁၉ ဘောလုံးရာသီမှာတော့ ကစားသမားဘဝရဲ့ နောက်ဆုံးအသင်းအဖြစ် ရိုမေးနီးယားကလပ် CFR Cluj အသင်းမှာကစားခဲ့ပြီး ကလပ်အသင်းကစားသမား သက်တမ်းတစ်လျောက် ပွဲပေါင်း (၄၀၀) နီးပါးကစားခဲ့ပြီး သွင်းဂိုးစုစုပေါင်း (၁၁၇) ဂိုးသွင်းယူခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

Source : FourFourTwo

၎င်းအနေနဲ့ လက်ရှိမှာတော့ နှစ်ပေါင်း ၂၀ ကျော်ဖြတ်သန်းခဲ့တဲ့ ဘောလုံးကစားသမားတစ်ယောက်ဘဝကနေ အနားယူတော့မှာဖြစ်ကြောင်းကို ၎င်းရဲ့ Twitter လူမှုကွန်ယက်ကနေတစ်ဆင့် တရားဝင်ကြေငြာလိုက်တာဖြစ်ပါတယ်။ ” ကျွန်တော်အတွက် ယခုအချိန်ဟာ ဘောလုံးလောကကနေ အနားယူရတော့မယ့် အချိန်ဖြစ်ပါတယ်။ ဘောလုံးလောကကနေအနားယူပြီး ဘဝသစ်တစ်ခုပြန်လည်မွေးဖွားရမယ့် အချိန်ကိုရောက်ရှိလာခဲ့တာကြောင့် အခုလိုကစားသမားဘဝကနေ အနားယူလိုက်တာပါ။

ကစားသမားဘဝက အိမ်မက်တွေအကောင်ထည်ဖော်ခွင့်ရအောင် ကူညီပေးခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ” ၎င်းရဲ့ Twitter မှာ ရေးသားထားတာဖြစ်ပါတယ်။ တိုက်စစ်မှူးဘက်တစ္စတာဟာ တကယ့်ကိုထူးချွန်တဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်ပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းမှာလည်း ၂၀၀၁ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ပွဲစဉ်ပေါင်း (၄၇) ပွဲကစားခဲ့ပြီး သွင်းဂိုး (၅) ဂိုးတိတိ သွင်းယူပေးနိုင်ခဲ့တဲ့ လက်ရွေးစင်ကစားသမားဟောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။

Source : talkSPORT