လီဗာပူးနည်းပြယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းလိဂ်ရာသီကို စောစီးစွာ ရပ်ဆိုင်းမှာဖြစ်တာကြောင့် ၎င်းတို့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်နိုင်ဖို့ကို ငြင်းပယ်ခံရနိုင်တယ်ဆိုတဲ့သတင်းတွေဟာ ရူးကြောင်ကြောင်နိုင်တဲ့သတင်းတွေလို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့စနေနေ့ညက ဝက်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ယခုရာသီ ပထမဆုံးရှုံးပွဲကို ခံစားခဲ့ရတာဖြစ်ပြီး အာဆင်နယ်ရဲ့ ရှုံးပွဲမရှိရာသီအတိုင်း ဖြစ်လာဖို့ မျှော်လင့်ချက်အဆုံးသတ်သွားခဲ့ပြီဖြစ်ပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ၂၂ မှတ်အကွာနဲ့ ဦးဆောင်နေဆဲဖြစ်ပါတယ်။
Photo: Metro
ဒါပေမယ့်လည်း ပြီးခဲ့တဲ့အပတ်မှာ ထွက်ပေါ်ခဲ့တဲ့သတင်းတွေက ကိုရိုနာဗိုင်းရပ်စ်ရဲ့ လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့နေမှုကြောင့် အားကစားပြိုင်ပွဲတွေဟာ ရွှေ့ဆိုင်းခြင်း သို့မဟုတ် ကွင်းပိတ်ယှဉ်ပြိုင်ရနိုင်ပြီး ပရီးမီးယားလိဂ်ရာသီကိုလည်း အကျိုးသက်ရောက်နိုင်တယ်လို့ ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။
ဘောလုံးရာသီ အချိန်မတိုင်မီ ရပ်ဆိုင်းလိုက်မယ်ဆိုရင် အမှတ်ပေးဇယားနောက်ဆုံးရပ်တည်မှုကို အတည်လို့ ယူဆနိုင်တဲ့ ဥပဒေပြဌာန်းထားမှုမရှိတာကြောင့် အသင်းတွေကြားမှာ ကျယ်ကျယ်လောင်လောင်နဲ့ ပြောစရာဖြစ်လာခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ အင်္ဂလန်အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ဖို့အတွက် ၁၉၉၀ ခုနှစ်ကတည်းက စောင့်ဆိုင်းခဲ့ရတာဖြစ်သလို ပရီးမီးယားလိဂ်ဖလားကိုလည်း ဘယ်တုန်းကမှ ကိုင်မြှောက်နိုင်ခြင်းမရှိခဲ့တဲ့အသင်းဖြစ်ပြီး နည်းပြကလော့ပ်က ယခုရာသီ ၎င်းရဲ့အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ပေးအပ်ခြင်းခံရမှာမဟုတ်ဘူးဆိုတဲ့သတင်းတွေကို ပြတ်ပြတ်သားသားငြင်းပယ်လိုက်တာဖြစ်ပါတယ်။
“ကျွန်တော်တို့ရဲ့ပရိသတ်တွေက အကြောက်လွန်တဲ့သူတွေလို့ ကျွန်တော် မထင်ပါဘူး။ ဒီလိုဇာတ်လမ်းတွေကို သယ်ဆောင်လာတာက လီဗာပူး ဖလားရ၊ မရကို စိတ်မဝင်စားတဲ့လူတွေကို ထင်ပါတယ်”
Photo: Yahoo News
“လီဗာပူးပရိသတ်တွေက ဒီအကြောင်းနဲ့ပတ်သက်ပြီး တွေးနေမယ်လို့ ကျွန်တော် မယုံကြည်နိုင်ပါဘူး။ ကျွန်တော် လီဗာပူးပရိသတ်တွေကိုလည်း အမှန်တကယ်စကားပြောမှာပါ”
“တကယ်လို့ တစ်ယောက်ယောက်က ဒီအကြောင်းနဲ့ပတ်သက်ပြီး မေးချင်တယ်ဆိုရင် ဒီရာသီရလဒ်အားလုံးကို ပယ်ဖျက်မယ်ဆိုတာက ဘယ်လိုများဖြစ်နိုင်ပြီး နောက်နှစ် ချန်ပီယံလိဂ်မှာ ဘယ်အသင်းတွေ ကစားကြမလဲဆိုတာ ကျွန်တော့်ကို ပြောပြပါ။ တကယ်စိတ်ဝင်စားစရာဖြစ်ပါလိမ့်မယ်”
“အမြဲတမ်း တစ်စုံတရာကို ရေးနေကြတဲ့ သတင်းစာအချို့ရဲ့ဇာတ်လမ်းကောင်းလေးတစ်ခုဆိုတာ ထင်ရှားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။