လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်ဟာ တနင်္ဂနွေနေ့မှာ တော့တင်ဟမ်ဟော့စပါးနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဒိုင်လူကြီး ပေါလ် တီယာနီကို ‘ခင်ဗျား ဘယ်တုန်းကမှ ဘောလုံးမကစားခဲ့ဖူးဘူး။ တခြားဒိုင်လူကြီးတွေနဲ့ ကျွန်တော် ဘာမှပြဿနာမရှိဘူး။ ခင်ဗျားနဲ့ပဲ ရှိတာ’လို့ ပြောကြားခဲ့ပါတယ်။

Jurgen Klopp confronted refree

Photo: The Guardian

ယာဂန် ကလော့ပ်ဟာ ပထမပိုင်းမှာ ရောဘတ်ဆန်ကို ဟာရီ ကိန်းရဲ့ အဆင်အခြင်မဲ့ ဖျက်ထုတ်မှုကို ကွင်းလယ်ဒိုင်က အဝါကတ်ပြားသာ ပြသခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ် တိုက်စစ်မှူး ဂျိုတာကို အီမာဆင် ရိုင်ရယ်က ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အချိန်မှာလည်း လီဗာပူးလ်အသင်းကို ကွင်းလယ်ဒိုင်က ပင်နယ်တီပေးဖို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ အီမာဆင်ကို ရောဘတ်ဆန် နောက်ကနေ ကန်ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က အဝါကတ်ပြား ပြသခဲ့ပြီးမှ VAR နဲ့ ပြန်လည်စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် အနီကတ် ပြောင်းလဲပြသခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ နည်းပြ ကလော့ပ်က ကွင်းထဲကို ဝင်ရောက်လာခဲ့ပြီး ဒိုင်လူကြီး ပေါလ် တီယာနီကို “ကျွန်တော့်မှာ တခြား ဒိုင်လူကြီးတွေနဲ့ ဘာပြဿနာမှ မရှိပါဘူး။ ခင်ဗျားနဲ့ပဲ ရှိတယ်”လို့ ချက်ချင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

Harry Kane recklessly challenge Andy Robertson

Photo: The Sun

ဟာရီ ကိန်းကို အနီကတ်ပြ ထုတ်ပယ်ခဲ့သင့်လားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ကလော့ပ်က Sky Sports ကို “ကျိန်းသေပေါက်ကို ထုတ်ခံရသင့်ပါတယ်။ ခင်ဗျား ရောဘတ်ဆန်ကို အနီကတ်ပြနိုင်တယ်။ အဲဒါက သူ့ရဲ့ ကစားသမားဘဝမှာ အပါးနပ်ဆုံး ဖျက်ထုတ်မှုမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီကိစ္စ(ဟာရီ ကိန်းရဲ့ဖျက်ထုတ်မှု)ကတော့ လုံးဝကို အနီကတ်ပဲ။ အဲဒါနဲ့ပတ်သက်ပြီး သံသယမရှိပါဘူး။ သူ့ရဲ့ခြေထောက်က လေထဲမှာ ရှိနေပြီး အဲဒါက တိုက်ဆိုင်မှုစစ်စစ်ပါ။ ဟာရီ အဲဒါကို မဆုံးဖြတ်နိုင်ပါဘူး။ တကယ်လို့ ရောဘတ်ဆန်ရဲ့ခြေထောက်သာ မြေကြီးပေါ်မှာဆိုရင် ကျိုးပါပြီ”

Jurgen Klopp and Refree Paul Tierney

Photo: sportsmax

“ကျွန်တော်တို့မှာ VAR ရှိပြီး ရောဘတ်ဆန်ကိစ္စမှာ သူ ထပ်ကြည့်ရမယ်လို့ တွေးခဲ့တယ်။ ကောင်းပြီ၊ အဲဒီအတွက်ပဲ သူ ရှိနေတာပါ။ ဒါပေမယ့် ဒီလို အခြေအနေမျိုးမှာ သူ ဘာလုပ်ခဲ့လဲ။ ပြီးတော့ ဂျိုတာနဲ့ပတ်သက်တဲ့ ပင်နယ်တီပေးရမယ့် အခြေအနေရှိခဲ့တယ်။ တီယာနီက ကျွန်တော့်ကို ဂျိုတာက ပြစ်ဒဏ်ဘောလိုချင်လို့ ရည်ရွယ်ချက်ရှိရှိနဲ့ ရပ်တန့်လိုက်တာလို့ ပြောပါတယ်။ ပထမဆုံးနဲ့ အရေးအကြီးဆုံးက ခင်ဗျား ဘောလုံးကို ကန်သွင်းချင်ရင် ခင်ဗျား ရပ်ရမယ်လေ။ ဘာလို့လဲဆိုတော့ ပြေးတာနဲ့ ကန်တာ ၂ ခုစလုံးကို ခင်ဗျား မလုပ်နိုင်လို့ပါ။ ခင်ဗျား ဘာသာဘောလုံးကစားတဲ့အခါကျရင် အဲဒါက အမြဲတမ်း အကူအညီဖြစ်မှာပါ”

“ဂျိုတာရဲ့ ကိစ္စကို ခင်ဗျား တွေ့တဲ့အခါမှာ VAR လည်း အဲဒီမှာ ရှိနေတာပဲ။ ဘာကြောင့် သူက ရပ်နေရမှာလဲ။ ကျွန်တော် နားမလည်နိုင်ပါဘူး။ သရေက အဆင်ပြေပါတယ်။ ကျွန်တော်တို့ တော့တင်ဟမ်အိမ်ကွင်းမှာ သရေကျလို့မရဘူးလို့ တွေးရလောက်တဲ့အထိ မရူးသွပ်ပေမယ့် ဒီလို အခြေအနေတွေက အရေးကြီးတယ်လေ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Metro