လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်ကြယ်ပွင့် မာနေးကို လူစားလဲလှယ်ခဲ့တာဟာ ဒဏ်ရာပြဿနာကြောင့်မဟုတ်ဘဲ ဒုတိယအဝါကတ်ပြားပြသခံရဖို့အတွက် ပစ်မှတ်ထားခြင်း ခံရမှာကို စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

Photo: Metro

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းဟာ ပထမပိုင်း ၄ မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် ဆာအူးနီဂွယ်သွင်းယူခဲ့တဲ့အဖွင့်ဂိုးကို ခွင့်ပြုပေးခဲ့ရပြီး ပွဲချိန်တလျှောက်လုံး အက်သလက်တီကိုမက်ဒရစ်အသင်းက ကြံ့ကြံ့ခံထားနိုင်ခဲ့တာကြောင့် စိတ်ပျက်စရာရလဒ် ရရှိခဲ့တာဖြစ်ပါတယ်။

လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ အက်သလက်တီကိုနောက်ခံကစားသမား ဗာဆယ်ကိုနဲ့ ၂ ကြိမ်အထိ အချင်းများခဲ့ပြီး ပထမဆုံးအကြိမ်ဖြစ်စဉ်မှာ အဝါကတ်ပြားပြသခံခဲ့ရပြီး ဒုတိယအကြိမ်မှာ အက်သလက်တီကိုကစားသမားတွေက ကွင်းလယ်ဒိုင်က ဝိုင်းပြီး မာနေးကို ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်က အက်သလက်တီကိုမက်ဒရစ်ကစားသမားတွေရဲ့ ဆန္ဒပြမှုကို လစ်လျူရှုထားခဲ့ပေမယ့် မာနေးဟာ ပထမပိုင်းအပြီးမှာတော့ ကွင်းထဲကို ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိတော့ဘဲ အိုရီဂီနဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အဲဒါကြောင့် ပရိသတ်တွေကြားမှာ ဆောင်းရာသီအားလပ်ရက်မတိုင်မီ တံကောက်ကြောဒဏ်ရာနဲ့ ရုန်းကန်နေခဲ့ရတဲ့ ဆာဒီယိုမာနေး နောက်ထပ်ဒဏ်ရာရရှိသွားခဲ့ပြီလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေခဲ့တာဖြစ်ပေမယ့် နည်းပြကလော့ပ်က မာနေး ဒုတိယအဝါကတ်ပြားထိပြီး နောက်လာမယ့်ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်နိုင်တာကို အရဲမစွန့်ချင်တာကြောင့် လူစားလဲခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Photo: Goal.com

“သူ ဒဏ်ရာရသွားတာမဟုတ်ပါဘူး။ သူက ပစ်မှတ်ထားခံနေရတယ်ဆိုတာ သိပါတယ်။ ဟုတ်ပါတယ်။ အဲဒါက ရှင်းပါတယ်”
“ဆာဒီယိုက ပထမပိုင်းမှာ တကယ်ကိုကောင်းကောင်းကစားနိုင်ခဲ့ပြီး သူတို့တွေ လိုချင်တဲ့တစ်ခုတည်းသောအရာက သူ အဝါကတ်ပြား ပြသခံရဖို့ပါပဲ”
“ပွဲအပြီးမှာတော့ ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ ကျွန်တော်တို့ မရှုံးခဲ့ပါဘူး။ အဲဒါက ပထမပိုင်းပဲရှိပါသေးတယ်။အဲဒီတော့ ဂိုးရလဒ်က ၁-၀ ပါ။ ဒါပါပဲ”လို့ BT Sport ကို ပြောကြားသွားခဲ့ပါတယ်။