လီဗာပူးနည်းပြယာဂင်ကလော့ပ်ဟာ အင်္ဂါနေ့မှာ ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် အက်ဖ်အေဖလားပွဲစဉ်မှာ အသင်းရဲ့ဝါရင့်တောင်ပံကစားသမား ဂျိမ်းစ်မီလ်နာ ပြန်လည်ပါဝင်ကစားနိုင်လိမ့်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကြောင်း Standard က ဖော်ပြခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိမ်းစ်မီလ်နာဟာ အသေးစားကြွက်သားပြဿနာကြောင့် ယခုအပတ်အစောပိုင်းမှာ ဝက်စ်ဟမ်းအသင်းကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ခြင်းမရှိဘဲ လွဲချော်ခဲ့သူဖြစ်ပါတယ်။
Photo: thisisanfield
ဒါပေမယ့်လည်း ဂျိမ်းစ်မီလ်နာဟာ လက်ရှိအချိန်မှာ လေ့ကျင့်ရေးပြန်ဆင်းနေပြီဖြစ်ပြီး စတန်းဖို့ဒ်ဘရစ်ဂျ်ကို သွားရောက်ယှဉ်ပြိုင်ကစားရမယ့် အက်ဖ်အေဖလားပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ သိရပါတယ်။
လီဗာပူးနည်းပြကလော့ပ်က ဂျော်ဒန်ဟန်ဒါဆင်နဲ့ ရှာကွီရီတို့ ၂ ဦးစလုံးရဲ့ အခြေအနေတိုးတက်မှုကိုလည်း အပေါင်းလက္ခဏာဆောင်တဲ့ သတင်းသစ် ထပ်ပေးခဲ့တယ်လို့ သိရပြီး လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆင်ဟာ အက်သလက်တီကိုမက်ဒရစ်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ရှာကွီရီကတော့ ကြွက်သားဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေခဲ့ရပြီး မျှော်လင့်ထားသမျှထဲမှာ အစောဆုံး နောက်ထပ်တစ်ကြိမ် လေ့ကျင့်ရေးပြန်ဆင်းနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Photo: Forbes
“အားလုံးက ပိုပြီးနီးကပ်လာနေပါပြီ။ ဟန်ဒိုလည်း ပြေးနေပြီ။ မီလီလည်း ပြေးနေပြီ။ ပိုပြီးတော့တောင် ပြေးနေပါပြီ”
“အခုအချိန်မှာ ဒီပွဲ(ချယ်ဆီး)အတွက် လုံလောက်အောင်တော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အင်္ဂါနေ့အတွက် ဘာလုပ်နိုင်မလဲဆိုတာကို ကြည့်ရမှာပေါ့။ အထူးသဖြင့် မီလီကိုပါ”
“ဟန်ဒိုနဲ့ ရှာကွီရီတို့ကတော့ မသေချာပါဘူး။ မကစားနိုင်သေးပါဘူး။ ဒါပေမယ့် သူတို့ကလည်း ပိုပြီးနီးစပ်လာနေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။