ကမ္ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာဆိုတာ ပြဿနာအထပ်ထပ် တက်ခဲ့တဲ့ လူတစ်ယောက်အဖြစ်လည်း လူတွေ သိကြမှာပါ။ ဂီတလောကမှာလည်း ငယ်ငယ်လေးနဲ့ အအောင်မြင်ဆုံး အနုပညာသည်အဖြစ် ကြီးပြင်းလာခဲ့တဲ့သူ့ဘဝမှာ မှတ်တမ်းမှတ်တိုင်တွေက အများကြီးပါပဲ။ ဒီတစ်ခေါက် သူရလိုက်တဲ့ စံချိန်သစ်ကလည်း အံ့အားသင့်စရာကောင်းနေပါတယ်။

အခုတစ်ခေါက် ဂျက်စတင်ဘီဘာစိုက်ထူလိုက်တဲ့ သမိုင်းမှတ်တိုင်သစ်တစ်ခုကတော့ Spotify ပလက်ဖောင်းပေါ်မှာ လစဉ်နားထောင်သူ သန်းပေါင်း ၉၄ သန်းကျော်သွားတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂျက်စတင်ဘီဘာအတွက် ဒါဟာ မှတ်တိုင်တစ်ခုလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက Chart Data ရဲ့ ဝက်ဘ်ဆိုက်မှာ ဂျက်စတင်ဘီဘာရဲ့ သီချင်းတွေကို Spotify ပေါ်မှာ လစဉ်လတိုင်း နားထောင်သူ ၉၁ သန်း ရှိပြီလို့ ဖော်ပြခဲ့ပါတယ်။

Justin-Bieber

Photo: NME

တစ်လခန့်အကြာ ၂၀၂၂ ခုနှစ်ထဲ အရောက်မှာ Spotify ပေါ်မှာ သူ့သီချင်းတွေ လစဉ် နားထောင်သူဦးရေဟာ ၉၄.၄ သန်းအထိ တိုးလာပြီလို့ Music Daily က ထုတ်ပြန်ပါတယ်။ ဂျက်စတင်ဘီဘာဟာ ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ Justice ဆိုတဲ့ ခြောက်ခုမြောက် စတူဒီယိုအယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပါတယ်။ ဒီအယ်လ်ဘမ်မှာ Holy ၊ Lonely ၊ Anyone ၊ Hold On ၊ Ghost နဲ့ Peaches စတဲ့ သီချင်းတွေက လူကြိုက်များခဲ့ကြပါတယ်။

Justice ထွက်ပြီး မကြာခင် တစ်ပတ်လောက်မှာပဲ Freedom ဆိုတဲ့ EP ခွေတစ်ခွေ ထုတ်ထားပါတယ်။ Justice ကို ဗားရှင်းနှစ်မျိုးနဲ့လည်း ဖြန့်ချိခဲ့ပြီး ပထမဗားရှင်း Triple Chucks Deluxe က Freedom EP ခွေနဲ့အတူ တချိန်တည်း ထွက်ခဲ့တာပါ။ နောက်တစ်ခွေ အကြီးစားဗားရှင်း The Complete Edition ကို အောက်တိုဘာလထဲမှာ ထုတ်ခဲ့ပြီး စုစုပေါင်း သီချင်းပုဒ်ရေ ၂၅ ပုဒ်အထိ ပါခဲ့ပါတယ်။ ဘီဘာဟာ ၂၀၂၁ ဩဂုတ်လထဲမှာလည်း Spotify ပေါ်မှာ နားထောင်သူ ၈၃.၃ သန်းကျော် ရှိတဲ့ အဆိုတော်အဖြစ် စံချိန်တင်ခဲ့ပါတယ်။

Justin-Bieber
Entertainment Weekly

လက်ရှိမှာ အင်္ဂလန်အဆိုတော် အက်ဒ်ရှီယန်က Spotify ပေါ်မှာ လစဉ်နားထောင်သူ ၈၄.၄ သန်းနဲ့ ဒုတိယနားဆင်သူအများဆုံးအဖြစ် တည်ရှိနေပါတယ်။ သူ့နောက်မှာတော့ အရီယာနာ ဂရန်ဒီ (၇၉.၅ သန်း) ၊ The Weeknd (၇၇.၇ သန်း) နဲ့ ဒူယာ လီပါ (၆၆.၉ သန်း) တို့က ထိပ်ဆုံး ၅ ဦး Top Five စာရင်းမှာ အစဉ်အတိုင်း ရပ်တည်နေပါတယ်။ Spotify ပေါ်က လစဉ် သီချင်းနားဆင်မှု အများဆုံးရထားတဲ့ အဆိုတော် ၁၀ ဦးစာရင်းမှာ ကျန်တဲ့သူတွေက အယ်လ်တန်ဂျွန် (၆၅.၅ သန်း) ၊ Coldplay (၆၃.၈သန်း) ၊ မာရီယာ ကာရေး (၆၂.၄သန်း) ၊ အဒဲလ် (၆၁.၉သန်း) နဲ့ တေလာဆွစ်ဖ် (၅၉.၃သန်း) တို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Featured Photo: udiscovermusic