လက်ရှိချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲမှာ ဂျူဗင်တပ်စ်အသင်းဟာ အေဂျက်စ်အသင်းကို (၁-၂) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရပြီးတဲ့နောက် တိုက်စစ်မှူး စီရော်နယ်လ်ဒိုတစ်ယောက် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

အဆိုပါပွဲစဉ် ပထမပိုင်း (၂၈) မိနစ်မှာ စီရော်နယ်လ်ဒိုက ဦးဆောင်ဂိုးကို လှလှပပခေါင်းတိုက်သွင်းယူနိုင်ခဲ့ပေမယ့် ပွဲချိန် (၃၄) မိနစ်မှာပဲ အေဂျက်စ်အသင်း ကွင်းလယ်လူ ဗန်ဒယ်ဘိခ်က ချေပဂိုးပြန်လည်သွင်းယူသွားခဲ့ပါတယ်။ ဒုတိယပိုင်း (၆၇) မိနစ်အချိန်မှာ အေဂျက်စ်အသင်းခေါင်းဆောင်ဒယ်လစ်က ထပ်မံပြီး ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူခဲ့ကာ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

Source : Evening Standard

အဆိုပါ ပွဲရလဒ်ကြောင့် ဂျူဗင်တပ်စ်အသင်းပရိသတ်တွေအနေနဲ့ အားမလိုအားမရဖြစ်ခဲ့ကြပြီး ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်သူရဲကောင်း ရော်နယ်ဒိုအပေါ် အပြင်းအထန်ကိုဝေဖန်အပြစ်တင်ခဲ့ကြတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းအနေနဲ့ တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ရီးယဲလ်မက်ဒရစ်အသင်းကနေပြောင်းရွှေ့ကြေးနဲ့ လစာစုစုပေါင်း ယူရို (၃၄၁) သန်းအထိ အကုန်ကျခံခေါ်ယူခဲတာဖြစ်ပါတယ်။

သို့ပေမယ်လည်း စီရော်နယ်လ်ဒိုအနေနဲ့ အေဂျက်စ်အသင်းနှင့် ကစားခဲ့တဲ့ ပွဲစဉ်နှစ်ကျော့စလုံး ဂိုးသွင်းယူနိုင်ခဲ့သော်လည်း နှစ်ကျော့ပေါင်း (၂-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် စီရော်နယ်လ်ဒိုကို အခုလိုအကုန်ကျခံ ခေါ်ယူခဲ့ရတာတွေဟာ အချည်းအနှီးဖြစ်ရပြီလားဆိုတဲ့ ပရိသတ်တွေရဲ့ အပြစ်တင်ဝေဖန်မှုတွေကို ခံနေရတာဖြစ်ပါတယ်။

Source : El Comercio, Perú

ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကလည်း ကွာတားဖိုင်နယ်မှာတင် ရီးယဲလ်မက်ဒရစ်အသင်းကို ပွဲစဉ်နှစ်ကျော့ပေါင်းရလဒ် (၂-၃) ဂိုးနဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရတဲ့အဖြစ်နဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းအတွက် အခုအရှုံးနဲ့ နှုတ်ဆက်ခဲ့ရပေမယ့် စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်သွင်းဂိုး စုစုပေါင်း (၁၂၆) ဂိုးအထိရှိလာခဲ့ပြီး ရှုံးထွက်အဆင့်မှာလည်း သွင်းဂိုး (၆၅) ဂိုးနဲ့ အများဆုံးဂိုးသွင်းထားနိုင်တဲ့ ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ အခုလို ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရခြင်းမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှ ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်အဆင့်နှင့်လွဲချော်ခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ရပါတယ်။

Source : Depor