ဆီနီဂေါနောက်ခံကစားသမား ကူလီဘလီဟာ တနင်္ဂနွေနေ့ညက အီဂျစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အာဖရိကဖလားကို တစ်ဦးတည်း ကိုင်မြှောက်ဖို့ ငြင်းပယ်ခဲ့ပါတယ်။
Photo: Euronews
ဆီနီဂေါအသင်းဟာ အာဖရိကဖလားသမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ် အောင်ပွဲရရှိခဲ့တာဖြစ်ပြီး နာပိုလီနောက်ခံကစားသမား ကူလီဘလီဟာ အာဖရိကဖလားကို ကိုင်မြှောက်ခွင့်ရမယ့် ပထမဆုံးကစားသမားအဖြစ် ဂုဏ်ပြုခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆုဖလားကိုင်မြှောက်မှု အစီအစဉ်ဟာ အလွန်ကြာရှည်သွားခဲ့ပြီး စိတ်ရှုပ်ထွေးစရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။
ဆုဖလားဟာ အမျိုးမျိုးသော ဘောလုံးအဖွဲ့ချုပ်တွေဆီက ကွဲပြားခြားနားတဲ့ ကိုယ်စားလှယ်တွေကနေတဆင့် ပွဲကြည့်စင်ကို ယူဆောင်ပေးခြင်းခံခဲ့ရတာဖြစ်ပြီး ကူလီဘလီက စင်မြင့်ပေါ်မှာ အခြံအရံတွေနဲ့ ကိုင်မြှောက်ရမှာဖြစ်ပါတယ်။ အာဖရိကဖလားကို ကင်မရွန်းသမ္မတ ပေါလ် ဘီယာက လက်လွှဲယူခဲ့ပြီးနောက် ကူလီဘလီဟာ ဆုဖလားကို တစ်ဦးတည်းကိုင်မြှောက်ဖို့အတွက် ပြောကြားခြင်းခံခဲ့ရတာဖြစ်ပါတယ်။

Photo: Gestta.co.uk
ဒါပေမယ့်လည်း နာပိုလီနောက်ခံလူက အဲဒီလို တစ်ဦးတည်းအောင်ပွဲခံဖို့အတွက် နည်းနည်းလေးတောင် စိတ်ကူးရှိပုံမပေါ်ဘဲ ဆုဖလားကို လက်ကနေ ကိုင်ပြီး နည်းပြ အာလီယူ ဆစ်ဆီနဲ့ ဆီနီဂေါအသင်းတွေအားလုံးရှိရာကို လျှောက်သွားပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ဝတ်စုံအပြည့်ဝတ်ဆင်ထားတဲ့ အစောင့်အရှောက်တွေဟာ ကူလီဘလီရဲ့ ငြင်းပယ်မှုကြောင့် စိတ်ကျေနပ်ခဲ့မှာမဟုတ်ပေမယ့်လည်း ဘောလုံးပရိသတ်တွေကတော့ နာပိုလီကြယ်ပွင့်ရဲ့ စိတ်ဓာတ်ကို နှစ်သက်ခဲ့ကြတာဖြစ်ပါတယ်။
ကူလီဘလီဟာ ပွဲအပြီးမှာ အာဖရိကဖလားကို ကိုင်ရင်း အိပ်စက်နေတဲ့ပုံကို တင်ပြီး အောင်ပွဲခံခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ လက်စွမ်းပြခဲ့တဲ့ ချဲလ်ဆီးဂိုးသမား အေဒူယာ မန်ဒီရဲ့စွမ်းဆောင်ရည်ကို ပွဲအပြီးမှာ ကူလီဘလီက မချီးကျူးဘဲ မနေနိုင်ခဲ့တာဖြစ်ပါတယ်။

Photo: tuttonapoli.net
“ကျွန်တော်တို့ ပျော်ရွှင်နေပါတယ်။ အာဖရိကဖလားကို အနိုင်ရဖို့က ခက်မယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ အဲဒါကို လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက ဒီဆုဖလားကို အနိုင်ရရှိဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ ဒီဖလားကို ရဖို့ ကြိုးစားခဲ့တာ အချိန်တော်တော်ကြာခဲ့ပြီဖြစ်ပြီး အခုတော့ ကျွန်တော်တို့ အဲဒီဖလားကို ရပါပြီ။ ဒီအသင်းက အရမ်းကို ထူးခြားအံ့သြစရာကောင်းပါတယ်။ အရမ်းခက်ခဲတဲ့ ပွဲစဉ်နဲ့ အရမ်းခက်ခဲတဲ့ ပြိုင်ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒါကို ကျွန်တော်တို့ရဲ့အသင်း၊ ကျွန်တော်တို့ရဲ့ စွမ်းအားတွေနဲ့ လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးသမားက ကမ္ဘာပေါ်က အကောင်းဆုံးဖြစ်ပြီး ကျွန်တော်တို့ ဆုဖလားကို အနိုင်ရရှိခဲ့ပါပြီ”လို့ ပြောကြားခဲ့ပါတယ်။
ဆီနီဂေါအသင်းဟာ ၂၀၀၂ ခုနှစ်တုန်းက အာဖရိကဖလားဗိုလ်လုပွဲမှာ လက်ရှိအသင်းနည်းပြ အာလီယူ ဆစ်ဆီရဲ့ ပင်နယ်တီလွဲချော်မှုကြောင့် အသည်းကွဲခဲ့ရပြီးနောက် နှစ် ၂၀ အကြာမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အောင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။
Featured Photo: Sportbible

