တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီ ကိန်းဟာ အသင်းကနေ ထွက်ခွာချင်တယ်ဆိုတာ မြောက်လန်ဒန်ကလပ်အသင်းကို အသိပေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီးနောက် ယခုနွေရာသီအတွက် ကောလာဟလတွေ အဓိကထွက်ပေါ်မယ့် ကစားသမားဖြစ်တော့မယ့်ပုံ ပေါ်ခဲ့ပါတယ်။

Photo: fotmob
အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ တော့တင်ဟမ်ဟော့စပါးအသင်းမှာ နောက်ထပ် ၃ နှစ် ထပ်နေဖို့အတွက် စာချုပ် ချုပ်ဆိုခဲ့သူဖြစ်ပြီး စပါးအသင်းမှာ မရရှိနိုင်တဲ့ အဓိက ဆုဖလားတွေကို ရရှိချင်တဲ့ ဆန္ဒကိုတော့ ဖုံးကွယ်ထားခြင်းမရှိတာဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ နောက်ထပ်ပြောင်းရွှေ့ချင်တဲ့အသင်းအဖြစ် မန်ချက်စတာစီးတီးအသင်းကို ရွေးချယ်ထားပြီး အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ စပါးအသင်းနဲ့ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီလို့ ယုံကြည်ရကြောင်း The Times က ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဟယ်ရီ ကိန်းဟာ စပါးအသင်းနဲ့ ဆက်ရှိနေဖို့ စည်းရုံးခြင်းခံခဲ့ရတယ်လို့ နားလည်ရပေမယ့် မန်စီးတီးဆီကနေ စိတ်ဝင်စားမှုကို ရရှိနေခဲ့တာကြောင့် ၎င်းကို ထွက်ခွာခွင့်ပြုဖို့ အသင်းဥက္ကဌ လီဗိုင်းနဲ့ သဘောတူညီမှု ရရှိအောင် ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

Photo : 90MIN
ကိန်းဟာ ယခုနွေရာသီမှာ ၎င်းကို ရောင်းချဖို့အတွက် လီဗိုင်းနဲ့ တော့တင်ဟမ်ဟော့စပါးထိပ်ပိုင်းတာဝန်ရှိသူတွေကို စည်းရုံးဖို့ နောက်ထပ်တစ်ကြိမ် ကြိုးပမ်းသွားမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့က အက်စ်တွန်ဗီလာကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် စပါးအသင်းဟာ ဥရောပဝင်ခွင့်ကိုပါ လွဲချော်ခဲ့ပြီဖြစ်ပါတယ်။
