ကမ္ဘာကြီးဟာ သက်ရှိတွေရဲ့နေချင့်စရာအိမ်ကြီးတစ်လုံး ဖြစ်ခဲ့တာ နှစ်သန်းပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ လေထုညစ်ညမ်းမှု ၊ စစ်ပွဲ ၊ စွန့်ပစ်ပစ္စည်းပြဿနာနဲ့ ကပ်ရောဂါဘေးတွေအကြားမှာတောင် ကမ္ဘာကြီးဟာ သူ့အတိုင်းအတာနဲ့သူ လှနေဆဲပါပဲ။ ဒီတစ်ခေါက်မှာ လူတွေ မေ့လျော့နေကြတဲ့ ကမ္ဘာပေါ်က အလှဆုံးနေရာတချို့အကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။
(၁) Kennecott, Alaska

Photo: Wikipedia
အလက်စကားရေခဲပြင်ဒေသက Kennecott ဆိုတဲ့ မြို့လေးဟာ တစ်ခါက ကြေးနီမိုင်းလုပ်သားတွေနဲ့ သူတို့ မိသားစုတွေ နေထိုင်ရာ မြို့တစ်မြို့ ဖြစ်ခဲ့ပြီး ၁၉၃၀ ပြည့်လွန်နှစ်တွေ နှောင်းပိုင်းမှာ မြို့ရဲ့ သယံဇာတတွေ ခမ်းခြောက်လာရာကနေ လူတွေဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ မြို့ကို စွန့်ခွာသွားခဲ့ကြပါတယ်။ လူတွေ မရှိတော့ပေမယ့် မြို့ဟာ တိတ်ဆိတ်စွာ လှပနေဆဲ ကျန်ရစ်ခဲ့ပါတယ်။
(၂) Canfranc Station, Spain

Photo: The Guardian
တစ်ချိန်က စပိန်နိုင်ငံ Huesca မှ Canfranc ရွာဘူတာကြီးဟာ နိုင်ငံတကာရထားဘူတာရုံကြီးပေါ့။ ဥရောပတစ်ခွင်မှာ အဆင်းအတက်အများဆုံး သယ်ယူပို့ဆောင်ရေးလုပ်တဲ့ ဘူတာကြီးဖြစ်ခဲ့တဲ့ Canfranc Station ကို ၁၉၂၈ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်က သူ့ခေတ်သူ့အခါနဲ့ ဒုတိယအကြီးဆုံးဘူတာရုံကြီး ဖြစ်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း သူလျှိုတွေ ၊ ရွှေမှောင်ခိုတွေ ခြေချင်းလိမ်နေခဲ့တဲ့နေရာတစ်ခု။ ၁၉၇၀ ရောက်တော့ ပြင်သစ်ဘက်အခြမ်း တံတားကို ရထားတစ်စင်းလမ်းချော် ဝင်တိုက်ပြီးနောက် ငွေကြေးမတတ်နိုင်လို့ တံတားကို မပြင်ခဲ့ရာကနေ နယ်စပ်ရထားလိုင်းတွေ ပိတ်သွားခဲ့ပြီး Canfranc ဘူတာလည်း ပိတ်ထားခဲ့ရပါတယ်။ အေးချမ်းသာယာလှပတဲ့ နှင်းဖွေးဖွေး ပိုင်ရီနီစ်းတောင်ခြေက အိပ်ပျော်နေတဲ့ဘူတာလေးကတော့ လှမြဲလှနေဆဲပါပဲ။
(၃) Rummu Prison, Estonia

Photo: Reverie Chaser
ထောင်တွေက လှသလားလို့ မေးချင်စရာပါ။ ရေထဲတစ်ဝက် ထောင်ဟောင်းလေးတစ်ခု အက်စတိုးနီးယားမှာ ရှိပါတယ်။ ဆိုဗီယက်ယူနီယံဆီကနေ လွတ်လပ်ရေးရပြီးနောက် ၁၉၉၀ နှစ်ဆန်းပိုင်းတွေက စွန့်ပွန့်ခံထားရတဲ့ အက်စတိုးနီးယားက Rummu ထောင်ပတ်ဝန်းကျင်က သိပ်သာယာပါတယ်။ ရေထဲမှာ အရာရာက လွင့်မျောနေသလိုပါပဲ။ အခုတော့ တကယ့်အပန်းဖြေကမ်းခြေကြီးတစ်ခုလို တကန်တကလာလည်ကြသူတွေ ရှိလာပါပြီ။
(၄) Hachijo Royal Hotel, Japan

Photo: buzznicked
ဂျပန်နိုင်ငံ Hachijojima ကျွန်းမှာ ရှိတဲ့ Hachijo Royal Hotel ဟာ တစ်ခါကတော့ နိုင်ငံရဲ့ အကြီးဆုံးဟိုတယ်ကြီးတွေထဲက တစ်ခုပေါ့။ ၁၉၆၀ ပြည့်လွန်နှစ် ခရီးသွားလာရေး အားကောင်းချိန်မှာ ပြင်သစ်စတိုင်တည်ဆောက်ခဲ့တဲ့ ဇိမ်ခံဟိုတယ်ကြီးဟာ ၂၀၀၆ ခုနှစ်မှာ ကျွန်းခရီးသွားဧည့်သည်ကျဆင်းလာခဲ့တာကြောင့် ပိတ်ထားခဲ့ရပါတယ်။ ၂၀၁၆ မှာ မရှင်းနိုင်အောင် များလာတဲ့ ရေမှော်ရေညှိပင်တွေနဲ့ သက်တမ်းလွန်သစ်ပင်တွေကြောင့် ဟိုတယ်နဲ့ ဒီကျွန်းကြီးဟာ စွန့်ပစ်မြေတစ်ခုလို ဖြစ်ခဲ့ပေမယ့် အခုထိတော့ လှနေဆဲလို့ ဆိုရမှာပါ။
(၅) Kilchurn Castle, Scotland

Photo: Grave Reviews
Kilchurn Castle ဆိုတဲ့ စကော့တလန်က ရဲတိုက်ကြီးကို ၁၄၀၀ ခုနှစ် အလယ်ပိုင်းလောက်က တည်ဆောက်ခဲ့တာပါ။ အဲ့ဒီခေတ်က ဩဇာအကြီးဆုံး အာဏာအရှိဆုံးလူတချို့ ဒီရဲတိုက်မှာ နေထိုင်ပြီး အုပ်ချုပ်သွားခဲ့တာပါ။ ၁၇၀၀ ပြည့်လွန်နှစ်တွေမှာ ရဲတိုက်ကို စွန့်ပစ်သွားခဲ့ရာကနေ အခုခေတ်မှာ ဓါတ်ပုံဆရာတွေ ဓါတ်ဖမ်းဖို့ အကောင်းဆုံးနေရာအဖြစ် ကျန်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
