ကာရစ်ဘီယံပင်လယ်ကျွန်းစုနယ်ဟာ ယဉ်ကျေးမှုဟင်းလေးအိုးကြီးလို့တောင် ဆိုရလောက်အောင် ယဉ်ကျေးမှုတွေ ပေါကြွယ်ဝတဲ့ ဒေသတစ်ခုပါ။ အထူးသဖြင့် ဂီတဘက်မှာ ကမ္ဘာပေါ်က ဘယ်နေရာထက်မဆို စုံလင်လှတဲ့ ဒေသလို့ ဆိုကြပါတယ်။ ကာရစ်ဘီယံက ကျွန်းတိုင်းမှာ ကိုယ်ပိုင်ဂီတပုံစံတစ်ခုစီ ရှိကြတယ်လို့တောင် ဆိုစမှတ်ပြုကြပါတယ်။ မြူးကြွတဲ့ စည်းချက်တွေ ၊ ကွဲပြားတဲ့ ဂီတနဲ့ ဆန်းကြယ်တဲ့ သမိုင်းနောက်ခံတွေအကြားမှာ ကာရစ်ဘီယံတလွှားက ကျော်ကြားကြတဲ့ ဂီတပုံစံတချို့အကြောင်း ထုတ်နုတ်ဖော်ပြပေးလိုက်ပါတယ်။

(၁) Reggae

Reggae

Photo: BBC

ဂျမိုင်ကာရဲ့ ဆန်းပြားလှတဲ့ ဂီတပုံစံတွေထဲမှာ Reggae (ရက်ဂေး) ဂီတကို လူသိများကြပါတယ်။ ရိုးရာ Mento Music ၊ Ska နဲ့ Rocksteady ပုံစံတွေကနေ ဆင်းသက်လာတာ ဖြစ်ပြီး တစ်ချက်ချ One-Drop သံစဉ်နဲ့ လာပါတယ်။ ရက်ဂေးဟာ ၁၉၆၀ နောက်ပိုင်းနဲ့ ၁၉၇၀ ပြည့်လွန်နှစ် ဆန်းပိုင်းတွေက ကမ္ဘာကျော်ခဲ့တဲ့ ဘော့ပ်မာလေကြောင့်လည်း ကမ္ဘာသိ ဂီတပုံစံ ဖြစ်လာခဲ့ပါတယ်။ တခြားထင်ရှားသူတွေကတော့ ပီတာ တော့ရှ် ၊ လီးစကရက်ချ် ပယ်ရီ ၊ ဂျင်မီကလစ်ဖ် နဲ့ ဘန်းနင်းစပီးယားတို့ ဖြစ်ပါတယ်။

(၂) Calypso

Calypso Music

Photo: liveabout

Calypso (ကယ်လစ်ပ်ဆို) ဂီတဟာ ထရီနီဒက်နဲ့ တိုဘာဂိုကျွန်းတွေက လာတဲ့ Music အမျိုးအစားဖြစ်ပြီး ကျေးလက်တေးဂီတတစ်ခေတ်ဆန်းချိန် ဟယ်ရီ ဘယ်လာဖွန်တီနဲ့ တခြားအဆိုကျော်တွေကြောင့် နိုင်ငံတကာက ဂီတဇာတ်ခုံပေါ် ထင်ရှားလာခဲ့တာပါ။ မြူးကြွသက်ဝင်လှတဲ့ ဂီတပုံစံဖြစ်ပြီး ဒီဂီတကို အခြေပြုလို့ Soca ၊ Chutney နဲ့ Rapso စတာတွေဆိုပြီး ထွက်ပေါ်လာခဲ့ပါတယ်။

(၃) Compas

Compas Music

Photo: royalcaribbean

ဟေတီဆိုတဲ့ ဂီတရေခံကောင်းတဲ့ ကျွန်းကနေ ပေါက်ဖွားလာတဲ့ Music တစ်မျိုးက Compas (ကွန်းပတ်စ်) ဂီတဖြစ်ပါတယ်။ တခြား ကာရစ်ဘီယံဂီတတွေလိုပဲ ကွန်းပတ်စ်ဟာ အာဖရိကစည်းဝါးကိုမှ ကာရစ်ဘီယံကျွန်းသားတွေနဲ့ ဥရောပဂီတတူရီယာတွေ ပေါင်းစပ်ပြီး ဖန်တီးထားတာပါ။ ဒီဂီတအမျိုးအစားနဲ့ နာမည်ကျော်သူတွေကတော့ တာဘိုယူ ကွန်ဘို ၊ လက်စ် ဖရီရက်စ် ဒီဂျင်း နဲ့ ဆွိမစ်ကီတို့လည်း ပါဝင်ပါတယ်။

(၄) Salsa

Salsa Music from Caribbean

Photo: MasterClass

ကျူးဘားနိုင်ငံရဲ့ အကျော်ကြားဆုံး ပို့ကုန်ထဲမှာ ဆေးပြင်းလိပ်ပြီးရင် Salsa (ဆယ်လ်ဆာ) ဆိုတဲ့ ဂီတက နောက်ကနေ လိုက်တယ်လို့ ဆိုကြပါတယ်။ High-Drama Dance အကနဲ့ တွဲဖက် သီဆိုကြတဲ့ Music အမျိုးအစားဖြစ်ပြီး ကျူးဘားသားတွေအပြင် နယူးယော့ခ် ၊ မိုင်ယာမီလို ကျူးဘန်း-အမေရိကန်တွေရှိရာ မြို့ကြီးတွေမှာပါ ကျော်ကြားအောင်မြင်တဲ့ ဂီတဖြစ်ပါတယ်။

(၅) Bachata

bachata

Photo: Pinterest

ဒိုမီနီကန် ပြည်ထောင်စုရဲ့ အကျော်ကြားဆုံးဂီတအဖြစ် Merengue နဲ့အပြိုင် ထင်ရှားတဲ့ ဂီတဖြစ်ပါတယ်။ ဝမ်းနည်းစရာသံစဉ်နဲ့ သီဆိုရတာ ဖြစ်ပြီး Blues နဲ့လည်း ဆင်တယ်လို့ ပြောနိုင်ပါတယ်။ အီဘာရီးယန်း ဂစ်တာသီချင်းကနေ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာပြီး ခေတ်သစ်ဂီတအသွင်နဲ့ ပေါ့ခံစားမှုတွေကို ဖန်တီးပါတယ်။ Salsa ဂီတလိုပဲ ဘာချာတာဂီတကို ဒိုမီနီကန်အပြင် ဒိုမီနီကန်သားတို့ နေထိုင်ရာ အမေရိကန်ပြည်ထောင်စု မြို့ကြီးတွေမှာပါ ကျော်ကြားတဲ့ ဂီတဖြစ်ပါတယ်။

Featured Photo: royalcaribbean