ကမ္ဘာပေါ်က အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေထဲက အချို့ဟာ မယုံနိုင်လောက်အောင် ငယ်ရွယ်တဲ့ အသက်အရွယ်မှာ သေဆုံးခဲ့ကြပြီး ပရိသတ်တွေအနေနဲ့ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ကြရပါတယ်။

မြန်မာနိုင်ငံမှာလည်း Idiot အဖွဲ့က ပင်တိုင်အဆိုရှင် ရေမွန်ဟာလည်း ဇွန်လ ၂၃ ရက် ၂၀၂၁ ခုနှစ်မှာ ပရိသတ်တွေကို ရုတ်တရက်နှုတ်ဆက်ခွဲခွာသွားခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ ယူကြုံးမရ ဖြစ်ခဲ့ကြရပါတယ်။

ဒါပေမယ့်လည်း လူသေပေမယ့် အနုပညာ အမွေအနှစ်တွေ ချန်ထားနိုင်ခဲ့ပြီး နာမည် ဘယ်တော့မှ မသေဘဲ ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ အမြဲတစေ ရှင်သန်နေတဲ့ အနုပညာရှင်တွေများစွာလည်း ရှိနေပါတယ်။ အခု ဖော်ပြပေးမယ့် အကြောင်းအရာကတော့ အသက် ၂၇ နှစ်နဲ့ သေဆုံးခဲ့ရပြီး အမြဲတမ်းရှင်သန်နေမယ့် အနုပညာအမွေအနှစ်တွေ ချန်ရစ်ခဲ့တဲ့ နိုင်ငံတကာက အနုပညာရှင် ၅ ဦး အကြောင်းဖြစ်ပါတယ်။

၁။ ကတ် ကိုဘိမ်း(၁၉၆၇-၁၉၉၄)

Kurt Cobain (1967 - 1994)

Photo: Biography

ကတ် ကိုဘိမ်းဟာ Generation X ရဲ့ ပုံရိပ်လို့ ချီးကျူးခံခဲ့ရပြီး ပြင်းရှရှအသံနဲ့ Grunge Rock ကို မိတ်ဆက်ခဲ့သူဖြစ်ပါတယ်။ ကတ် ကိုဘိမ်းရဲ့ နဗားနားတီးဝိုင်းဟာ ‘Smells Like Teen Spirit’၊ ‘Come As You Are’၊ ‘Heart-shaped Box’လို တကမ္ဘာလုံး ဟုန်းဟုန်းတောက်ခဲ့တဲ့ သီချင်းတွေနဲ့ ဆီယက်တဲရဲ့ ဂီတမြင်ကွင်းထဲ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကြီးမားလှတဲ့ အောင်မြင်မှုနဲ့ လူအများရဲ့ အာရုံစိုက်ခံရမှုကြောင့် ကတ် ကိုဘိမ်းဟာ မူးယစ်ဆေးနဲ့ စိတ်ကျဝေဒနာနွံထဲ ကျဆင်းခဲ့ရပြီး ဇနီးဖြစ်သူ ကော့တ်နေး လပ်ဗ်ကလည်း ၎င်းကို ပိုမိုအခြေအနေဆိုးရွားအောင် ပြုလုပ်ခဲ့ပြီးနောက် ၁၉၉၄ ခုနှစ် နွေဦးမှာ ကိုယ့်ခေါင်းကိုယ် သေနတ်နဲ့ ပစ်ပြီး အဆုံးစီရင်သွားခဲ့ပါတယ်။

(၂) ဂျင်မီဟန်းဒရစ် (၁၉၄၂ – ၁၉၇၀)

Jimi Hendrix (1942 - 1970)

Photo: Biography

ရော့ခ်ပင်မရေစီးကြောင်းမှာ လမ်းသစ်ဖောက်ခဲ့တဲ့ ဂျင်မီဟန်းဒရစ်ဟာ Rock & Roll Hall of Fame ရဲ့ ရော့ခ်ဂီတသမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး တူရိယာပညာရှင် Greatest Instrumentalist အဖြစ် သမုတ်ခြင်း ခံရတဲ့ ပါရမီရှင်တစ်ဦး ဖြစ်ပါတယ်။ ဘယ်သန်တစ်ယောက်ဖြစ်ပြီး ဂစ်တာကို ကီးပြောင်းပြန်တီးခတ်တဲ့သူဟာ ရှေ့က ဘယ်ဂီတပညာရှင်မှ မလုပ်ဖူးတဲ့ လျှပ်စစ်ဂစ်တာနဲ့ ဆန်းပြားတဲ့ တီးကွက်နဲ့ သံစဉ်သစ်တွေကြောင့် နာမည်ကျော်လာပါတယ်။

၁၉၆၀ နှစ်ဆန်းပိုင်းတွေမှာ တီးဝိုင်းအမျိုးမျိုးမှာ လိုက်တီးရင်းနဲ့ နောက်တော့ အင်္ဂလန်က နာမည်ကျော်တေးရေးဆရာနဲ့ အနုပညာရှင် ကိတ်ရတ်ချတ်ရဲ့ချစ်သူ လင်ဒါကိတ်က သူ့ကို တွေ့သွားရာကနေ Jimi Hendrix Experience ဆိုတဲ့ Band သစ်တစ်ခု ဖွဲ့ဖြစ်သွားတာပါ။ ဒီတီးဝိုင်းဟာ ယူကေရဲ့ အကျော်ကြားဆုံးတီးဝိုင်း ၁၀ ခုရဲ့ ထိပ်ဆုံး Band ၃ ခု စာရင်းမှာ ပါခဲ့ပါတယ်။

အထွဋ်အထိပ်ရောက် အောင်မြင်တာ ၄ နှစ်လောက်ပဲ ရှိခဲ့ပါတယ်။ ၁၉၆၈ မှာ နံပါတ်တစ်ဖြစ်ခဲ့တဲ့ နောက်ဆုံးအယ်လ်ဘမ် Electric Lady Land ကို အသံသွင်း ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ထိပ်ထိပ်ကြဲဂီတပညာရှင်တွေ ဖျော်ဖြေခဲ့ကြတဲ့ ၁၉၆၉ Woodstock ဂီတပွဲတော်မှာလည်း ဂျင်မီဟန်းဒရစ်ဟာ အမေရိကန်နိုင်ငံတော်သီချင်း The Star Spangled Banner နဲ့ သမိုင်းတွင်စေခဲ့ပါတယ်။ ပွဲအပြီး နောက်တစ်နှစ်မှာတော့ ဆေးလွန်ပြီး သေဆုံးသွားခဲ့ပါတယ်။

၃။ ဘရိုင်ယန် ဂျုံးစ်(၁၉၄၂-၁၉၆၉)

Brian Jones (1942 - 1969)

Photo: Biography

ရိုးလင်းစတုန်း တီးဝိုင်းရဲ့ တည်ထောင်သူနဲ့ မူလရှေ့ထွက်အဆိုတော်ဖြစ်တဲ့ ဘရိုင်ယန်ဂျုံးစ်ဟာ ဘလူးဂီတကို နှစ်သက်သူဖြစ်ပြီး တီးဝိုင်းကိုလည်း ဘလူးဂီတဘက်ကို နောင်ကျရင် လိုက်ပါလိမ့်မယ်လို့ မျှော်လင့်ထားခဲ့သူဖြစ်ပါတယ်။ ဂျုံးစ်ဟာ စလိုက်ဂစ်တာကို တီးခတ်တဲ့ ပထမဆုံး ဗြိတိသျှလူမျိုးထဲက တစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာတော့ တူရိယာစုံတီးခတ်သူဖြစ်လာခဲ့ပါတယ်။

ရိုးလင်းစတုန်းနဲ့ ဂျုံးစ်တို့ အတူတူရှိနေခဲ့တဲ့ ၇ နှစ်တာကာလဟာ တီးဝိုင်း အခြေခိုင်မှုအတွက် အရေးပါခဲ့ပေမယ့် တီးဝိုင်းမန်နေဂျာနဲ့ တင်းမာမှုတွေ ကြီးထွားလာခြင်းက ဂျုံးစ်ကို အဆိုးဘက်ကို တွန်းပို့ခဲ့တာဖြစ်ပါတယ်။ ဂျုံးစ်ဟာ မူးယစ်ဆေးနဲ့ အရက်ကို အလွန်အကျွံသုံးစွဲလာခဲ့ပြီး တီးဝိုင်းက လုပ်ဖော်ကိုင်ဘက်တွေနဲ့ ဆက်ဆံရေး ကြဲလာခဲ့ပါတယ်။

၁၉၆၉ ခုနှစ် ဇွန်လမှာ မစ် ဂျက်ဂါနဲ့ ရစ်ချက်တို့က ဂျုံးစ်ကို တီးဝိုင်းကနေ ထွက်ဖို့ ပြောဆိုခဲ့ပြီး တစ်ပတ်အကြာမှာပဲ ၎င်းရဲ့အိမ်က ရေကန်ထဲမှာ သေဆုံးနေတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

၄။ ဂျန်းနစ် ဂျိုပလင်(၁၉၄၃-၁၉၇၀)

Janis Joplin (1943 - 1970)

Photo: Biography

မာ ရိန်းနေနဲ့ ဘက်ဆီ စမစ်တို့လို ဂန္တဝင်ဘလူးဂီတပညာရှင်တွေကို လေးစားအားကျတဲ့ ဂျန်းနစ် ဂျိုပလင်ဟာ ၁၉၆၀ ပြည့်နှစ်ပိုင်း ယဉ်ကျေးမှုအပြောင်းအလဲကာလအတွင်း ပရိသတ်တွေကို သူမရဲ့ မာန်ပါတဲ့ သရုပ်ဖော်တင်ဆက်မှု၊ မမေ့နိုင်စရာ ခံစားချက်အပြည့်ပါတဲ့ အသံနဲ့ ဆွဲဆောင်နိုင်ခဲ့ပြီး ကိုယ်တိုင် ဂန္တဝင်အနုပညာရှင်ဖြစ်လာခဲ့ပါတယ်။

ဘစ် ဘရားသားနဲ့ ဟိုးဒင်းကုမ္ပဏီရဲ့ တီးဝိုင်းဦးဆောင်အဆိုရှင်အဖြစ် အခိုင်အမာနေရာရရှိခဲ့ပြီးနောက် ၁၉၆၇ ခုနှစ် မွန်တီရေးပေါ့ဂီတပွဲတော်မှာ ပရိသတ်တွေကို သူမရဲ့ ‘Ball And Chain’၊ တစ်ကိုယ်တော် အဆိုရှင်ဘဝကို ရောက်ရှိစေပြီး ဘေလ်ဘုတ်မှာ ထိပ်ဆုံးထိ ရောက်ရှိစေခဲ့တဲ့ ‘Me and Bobby McGee’၊ ‘Piece of My Heart’၊ ကိုယ်တိုင်ရေး ‘Marcedes Benz’တို့လို သီချင်းမျိုးတွေနဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

ဂျိုပလင်ဟာ ဂီတလမ်းသစ်ဖောက်တဲ့ အနုပညာရှင်အဖြစ် အောင်မြင်မှုကြီးထွားနေချိန်မှာ မူးယစ်ဆေး အကြီးအကျယ်စွဲခဲ့တာကြောင့် ၁၉၇၀ ခုနှစ်မှာ ဘိန်းဖြူထိုးရင်း ဆေးလွန်သေဆုံးခဲ့ရပါတယ်။

၅။ ရောဘတ် ဂျွန်ဆန်(၁၉၁၁-၁၉၃၈)

Robert Johnson (1911 - 1938)

Photo: Biography

၁၉၃၆ နဲ့ ၁၉၃၇ ခုနှစ်တို့ဟာ ဘလူးဂီတအတွက် သမိုင်းရေးထိုးနိုင်ခဲ့တဲ့ ကာလတွေဖြစ်ခဲ့ပြီး တစ်နေရာကနေ တစ်နေရာလှည့်လည်တတ်တဲ့ ဘလူးဂီတသမား ရောဘတ်ဂျွန်ဆန်ဟာ အမေရိကန်အသံဖမ်းကော်ပိုရေးရှင်းနဲ့ သီချင်း ၂၉ ပုဒ် အသံသွင်းခဲ့ပါတယ်။

မစ္စစ်စပီဇာတိဖွားရဲ့ ခံစားချက်အပြည့်နဲ့ အသံ၊ စာသားတို့ဟာ ၎င်းရဲ့ ဆရာကျတဲ့ဂီတာစွမ်းရည်နဲ့ပေါင်းစပ်လိုက်တဲ့အခါမှာ ဒယ်တာဘလူးအဆိုတော်တွေရဲ့ ဘုရင်အဖြစ် ဂုဏ်သတင်းကျော်ကြားခဲ့ပါတယ်။ ရောဘတ် ဂျွန်ဆန်ဟာ နောက်ပိုင်း ရော့ခ်ဂီတ မျိုးဆက်တွေဖြစ်တဲ့ ဘော့ဘ် ဒိုင်လန်၊ အဲရစ် ကလက်ပ်တန်၊ ရောဘတ် ပလန့်နဲ့ ရိုးလင်းစတုန်းတို့လို အနုပညာတွေအပေါ် မတိုင်းတာနိုင်တဲ့ လွှမ်းမိုးမှုမျိုး ရှိခဲ့တာဖြစ်ပါတယ်။

ဂျွန်ဆန်ရဲ့ ဂီတပါရမီဟာ မှန်းဆလို့မရနိုင်တဲ့အထိ ဖြစ်ခဲ့တာကြောင့် ၎င်းရဲ့ ပါရမီအတွက် နတ်ဆိုးနဲ့ ဝိဉာဉ်အလဲအထပ်လုပ်ခဲ့တယ်လို့တောင် ပြောရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဂျွန်ဆန်ရဲ့ကိုယ်ရေးအထ္ထုပ္ပတိဟာ နက်နဲသိမ်မွေ့ပြီး ၁၉၃၈ ခုနှစ်မှာ ကျေးလက်လမ်းမဘေးမှာ သေဆုံးနေတာကို မြင်တွေ့ခဲ့ရပြီးနောက် ဒဏ္ဍာရီပါ ဆန်ခဲ့တာဖြစ်ပါတယ်။ အချို့ကတော့ သဝန်ကြောင်တတ်တဲ့ အမျိုးသမီးရဲ့ ယောကျ်ားက အဆိပ်ခတ်သတ်လို့ သေဆုံးသွားခဲ့တာလို့ ယုံကြည်ခဲ့ကြပါတယ်။