အားကစားလောကမှာ ဘောလုံးဟာ ပရိသတ်တွေကို အဖမ်းစားနိုင်ဆုံး အားကစားနည်းတစ်ခုလို့ ဆိုရမှာပါ။ တစ်ကမ္ဘာလုံးဟာ လိဂ်အမျိုးမျိုးက ဘောလုံးပွဲတွေ အားပေးနေကြသလို သမိုင်းတစ်လျှောက်မှာလည်း အတော်ဆုံးပလေယာတွေ ထွက်ပေါ်လာတာကို မြင်ရပါတယ်။ ကမ္ဘာ့ထိပ်တန်းနာမည်ကျော်ဘောလုံး လိဂ်တွေထဲမှာ စပိန်လာလီဂါကိုလည်း ထိပ်ဆုံးက တန်းထိုးဖော်ပြကြပါတယ်။
လာလီဂါအသင်းတွေနဲ့ ဘောလုံးသမားတွေဟာ ကမ္ဘာ့အတော်ဆုံးတန်းဝင်အသင်းနဲ့ ကစားသမားတွေ မနည်းမနောရှိပါတယ်။ ဒီလို ထိပ်ထိပ်ကြဲတိုက်စစ်မှူးတွေထဲကမှ လာလီဂါသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ဘောလုံးသမား ၅ ဦးကတော့ –
(၅) ရာအူး

Photo: Goal.com
အအောင်မြင်ဆုံး ဘောလုံးကြယ်ပွင့် ရာအူးဂွန်ဇာလက်ဇ်ဘလန်ကိုဟာ စပိန်လိဂ်တစ်လျှောက် ဂိုးသွင်းအများဆုံးဘောလုံးသမားတွေထဲကတစ်ဦးပါပဲ။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် ရာအူးဟာ UEFA Euro 2000 ထိပ်တန်းဂိုးသွင်းရှင် ၊ UEFA ချန်ပီယံလိဂ်ထိပ်တန်းဂိုးသွင်းရှင် ၊ UEFA တစ်နှစ်တာ ရှေ့တန်းတိုက်စစ်မှူးဆုအပါအဝင် ဆုပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ လာလီဂါရာသီအားလုံးမှာ သူသွင်းခဲ့တဲ့ ဂိုးပေါင်း ၂၂၉ ဂိုး ရှိပြီး လာလီဂါရဲ့ ပဉ္စမမြောက် ဂိုးအများဆုံးသွင်းနိုင်တဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် သတ်မှတ်ထားပါတယ်။
(၄) ဟူဂို ဆန်းချက်ဇ်

Photo: communitysports
မက္ကဆီကို ရှေ့တန်းတိုက်စစ်မှူးဟောင်း ဟူဂိုဆန်းချက်ဇ်ဟာ စပိန်လာလီဂါဘောလုံးသမိုင်းမှာ အကောင်းဆုံး ရှေ့တန်းတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။ ၁၉၇၂ ခုနှစ် ဆယ်ကျော်သက်အရွယ်မှာ မက္ကဆီကန်အသင်းထဲ စပြီး ကစားခဲ့ရာကနေ ဘောလုံးသမားဘဝကို ရောက်ခဲ့တာပါ။ နိုင်ငံတကာပြိုင်ပွဲစုံ ၈၀ ကျော် ကစားခဲ့ပြီး တစ်ဦဂချင်းဆုတွေရော မန်နေဂျာ်အနေနဲ့ပါ ဆုတွေ ရခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားချိန်က သူဟာ လာလီဂါ ၊ စူပါကိုပါဒီအက်စ်ပန်နာ ၊ ကိုပါ ဒဲလ်ရေး နဲ့ UEFA Cup စတဲ့ မတူတဲ့ လိဂ်လေးခုမှာ အသင်းကို ဗိုလ်စွဲအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ လာလီဂါလိဂ်မှာ ကစားနေချိန် ပွဲပေါင်း ၃၄၇ ပွဲကစားခဲ့ပြီး ၂၃၄ ဂိုးအထိ သွင်းယူခဲ့ပါတယ်။
(၃) တဲလ်မို ဇာရာ

Photo: sportige
စပိန်ဘောလုံးအကျော်အမော် တဲလ်မို ဇာရာဟာ လာလီဂါသမိုင်းမှာ တတိယမြောက်ဂိုးသွင်းမှု အများဆုံး ဘောလုံးသမားဖြစ်ပါတယ်။ တဲလ်မိုဟာ သူ့ခေတ်သူ့အခါက လစာအမြင့်ဆုံး ဘောလုံးသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူခေတ်ကောင်းစဉ်က ကလပ်ပေါင်းစုံမှာ ဝင်ကစားခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကို ဘောလုံးလောကက သိအောင် ပြသနိုင်ခဲ့ပါတယ်။
ဘီဘာအိုအသင်းမှာ ကစားစဉ်ကလည်း ၁၉၄၂-၄၃ လာလီဂါမှာ ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။တဲလ်မိုဟာ လာလီဂါသမိုင်းမှာ အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားပြီး ပွဲပေါင်း ၂၇၈ ပွဲကစားရာမှာ ၂၅၁ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။
(၂) ခရစ္စတီယာနို ရော်နယ်ဒို

Photo: zimbio
ဘောလုံးသမိုင်းရဲ့ အတောက်ပဆုံးကြယ်ပွင့်တွေထဲက တစ်ပွင့်ဖြစ်တဲ့ ပေါ်တူဂီဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုကို ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ်လည်း သတ်မှတ်ထားပါတယ်။ သူ့အမြန်နှုန်း ၊ ကြိုးစားမှုနဲ့ အားကစားပေါ် စိတ်စိုက်မှုဟာ တမူထူးခြားပြီး လေးစားချီးကျူးစရာကောင်းပါတယ်။ ဘလွန်းဒီအော ၅ ဆုရှင်ဟာ လာလီဂါပွဲပေါင်း ၂၉၂ ပွဲကစားခဲ့ရာမှာ ဂိုးပေါင်း ၃၁၁ ဂိုးအထိ သွင်းခဲ့တာ ဖြစ်ပါတယ်။ သူရခဲ့တဲ့ ဆုတွေတော့ စာရှည်မှာစိုးလို့ မဖော်ပြတော့ပါဘူး။
(၁) လိုင်ယွန်နယ် မက်ဆီ

Photo: maxbetsport
လိုင်ယွန်နယ်မက်ဆီကို ဘောလုံးကစားဖို့ လူဖြစ်လာတယ်လို့ ဆိုစမှတ်ပြုကြပါတယ်။ ပါရမီရှင်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ လိုင်ယွန်နယ် အန်ဒရေးစ်မက်ဆီဟာ လာလီဂါမှာ သူ့ဘဝရဲ့ အပြောင်မြောက်ဆုံးနေ့ရက်တွေနဲ့ အောင်မြင်မှုတွေ ဆောင်ကြဉ်းခဲ့ပါတယ်။ အာဂျင်တိုင်း ရတနာတစ်ပါးအဖြစ် တင်စားခံရတဲ့သူဟာ အသက်၅ နှစ်အရွယ် ၁၉၉၂ မှာ စပြီး ရှေ့တန်းတိုက်စစ်မှူးအနေနဲ့ ကစားလာခဲ့တာပါ။
ဘာစီလိုနာဂျာစီကို အသက် ၁၃ နှစ်အရွယ် ၂၀၀၀ ပြည့်နှစ်က စပြီး ဝတ်ကစားလာတာပါ။ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်မှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့ရတဲ့အချိန်မှာလည်း တစ်ကမ္ဘာလုံးက ဘောလုံးချစ်သူတွေအကြား စိတ်မကောင်းမှုတွေ ပြည့်လျှံစေအောင် သူ့ကို ချစ်ကြသူတွေက ဒုနဲ့ဒေးပါ။ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါမှာ ပွဲပေါင်း ၅၂၀ ကစားခဲ့ပြီး ဂိုးပေါင်း ၄၇၄ ဂိုးအထိ သွင်းနိုင်ခဲ့တဲ့ လာလီဂါသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးအားကစားသမားပါပဲ။
