ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ချဲလ်ဆီးအသင်းတာဝန်ရှိတဲ့သူတွေက သူတို့ရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ လမ်းပက်ကို အသင်းရဲ့နည်းပြခန့်အပ်ဖို့အတွက် တွေ့ဆုံးဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိချဲလ်ဆီးနည်းပြဖြစ်တဲ့ ဆာရီက ဂျူဗီတပ်အသင်းနည်းပြ ရာထူးအတွက်ဆွေးနွေးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေက လမ်းပက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

Source: Yahoo sports

ချဲလ်ဆီးအသင်းကတော့ ဆီးရီးအေကလပ်ဆီ ဆာရီပြန်လည်ပြောင်းရွှေ့မှာကို တားဆီးသွားမှာမဟုတ်ဘူးလို့သိရပါတယ်။ ဆာရီအတွက်ကတော့ အာဆင်နယ်ကို (၄-၁) နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲက နောက်ဆုံးပွဲ ဖြစ်လာနိုင်ပါတယ်။

လက်ရှိနယူးကာဆယ်အသင်းမှာ နည်းပြနေတဲ့ ဘင်နီဒက် နဲ့ ဂျူဗီတတ် နည်းပြဟောင်း အာလီဂရီ လည်းချဲလ်ဆီးနည်းပြ ရာထူးအတွက် သတင်းထွက်ခဲ့ပါသေးတယ်။ ဒါပေမဲ့အသင်းရဲ့ ဒါရိုက်တာဖြစ်သူ Marina Granovskaia နဲ့ ပိုင်ရှင်ဖြစ်သူ Roman Abramovich တို့က သူတို့ရဲ့ အသင်းသားဟောင်းဖြစ်တဲ့ လမ်းပက်ကို နည်းပြအဖြစ်ခန့်အပ်ဖို့ ပိုပြီးလိုလားတယ်လို့ သိရပါတယ်။

Source: Daily mail

လမ်းပက်က သူ့ရဲ့ကစားသမားဘဝကို ဝက်စ်ဟမ်းအသင်းနဲ့ အတူစတင်ခဲ့ပြီးတော့ ချဲလ်ဆီးအသင်းဆီကို ၂၀၀၁ ခုနှစ်မှာ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ အသင်းအတွက် ပြိုင်ပွဲစုံ (၆၄၈) ပွဲထိ ကစားပေးထားပြီး ဂိုးပေါင်း (၂၁၁) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား (၃) လုံး၊ အက်ဖ်အေ ဖလား (၄) လုံး၊ ချန်ပီရန်လိဂ် ဖလား (၁) လုံး၊ ယူရိုပါလိဂ် (၁) လုံး၊ ကူမြူနတီ ဖလား (၁) လုံး၊ အီးအက်ဖ်လန်လ် လက်ရှိ ကာရာဘောင်းဖလား (၂) လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Source: Talk sport

သူဟာ လက်ရှိမှာတော့ ချန်ပီရန်ရှစ် ကလပ် ဒါဘီအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူနေပါတယ်။

ချဲလ်ဆီး ကစားသမားဟောင်းလမ်းပက် အသင်းရဲ့ နည်းပြဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။