Samsung Display ဟာ ၎င်းတို့ရဲ့ LCD ထုတ်လုပ်မှုကို ယခင်က ကြေညာခဲ့တဲ့ အချိန်ထက် ၆ လမပြည့်မီ လာမယ့် ဇွန်လကုန်လောက်မှာ ရပ်ဆိုင်းသွားမယ်လို့ သိရပါတယ်။

ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတာကြောင့် Samsung Group အနေနဲ့ ဆုံးရှုံးမှုတွေကို လျှော့ချလိုက်တာဖြစ်တယ်လို့ စက်ရုံတွင်း ပြောရေးဆိုခွင့်ရှိသူတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Photo : GSMArena

Samsung Display ဟာ နောက်ပိုင်းမှာ OLED နဲ့ QD (Quantum-Dot) Panel ထုတ်လုပ်မှုဘက် ပိုပြီး အာရုံစိုက်သွားမှာ ဖြစ်ပြီး သူတို့ရဲ့ ဝန်ထမ်းတွေကို QD လုပ်ငန်းဘက်ကို လွဲပြောင်းပေးသွားမယ်လို့ မျှော်လင့်ရပါတယ်။

Display Supply Chain Consultants ရဲ့ ဖော်ပြချက်များအရ LCD တစ်လုံးရဲ့ စျေးနှုန်းဟာ ယခင် ထုတ်လုပ်မှုကာလ အမြင့်ဆုံး ဖြစ်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ထက်စာရင် ၃၆.၆ ရာခိုင်နှုန်း ပဲရှိတော့တယ်လို့ ဆိုပါတယ်။

အကြောင်းကတော့ တရုတ်နိုင်ငံက BOE နဲ့ ထိုင်ဝမ်က AU Optronics တို့လို ဖောက်သည်တွေအတွက် ဈေးပိုသက်သာတဲ့ LCD ထုတ်လုပ်သူတွေ ဈေးကွက်အတွင်း ဝင်ရောက်လာကြောင့် ဖြစ်ပါတယ်။

Photo : Business Wire

Samsung ဟာ LCD ထုတ်လုပ်ရေးကို ၂၀၂၀ မှာကတည်းက ရပ်ဆိုင်းဖို့ စီစဉ်ထားခဲ့ပေမယ့် COVID-19 ကပ်ရောဂါကာလအတွင်း ဈေးသက်တာတဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်တွေ အပါအဝင် အိမ်သုံးဖျော်ဖြေရေးပစ္စည်းတွေ လိုအပ်ချက်ကြောင့် Samsung ရဲ့ LCD ထုတ်လုပ်မှု ပိတ်သိမ်းမယ့် ခြေလှမ်းကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Samsung ရဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သတ်ပြီး မှတ်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပေမယ့် Q2 ပွဲပြီးတာနဲ့တစ်ပြိုင်နက် ဇူလိုင်လနှောင်းပိုင်းလောက်မှာ ဝင်ငွေအစီရင်ခံစာတွေနဲ့ ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေ ချပြသွားမယ်လို့ မျှော်လင့်ရပါတယ်။

Featured Photo : Mashable ME