လိဒ်ယူနိုက်တက်အသင်းဟာ လီဗာပူးလ်ကွင်းလယ်တိုက်စစ်မှူး တာကူမီ မီနာမီနိုကို ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ရဲ့ နောက်ဆုံးရက်ဖြစ်တဲ့ တနင်္လာနေ့ မတိုင်မီမှာ ခေါ်ယူနိုင်ဖို့ အရှိန်အဟုန်မြင့် ကြိုးစားနေတယ်လို့ သိရပါတယ်။
Photo : The Japan Times
လိဒ်စ်ယူနိုက်တက်နည်းပြ မာဆယ်လို ဘီယဲလ်ဆာဟာ ၎င်းအသင်းရဲ့ တိုက်စစ်ပိုင်းကို အင်းအားထပ်ဖြည့်ဖို့ စိတ်အားထက်သန်နေပြီး ယခုလအတွင်းမှာ ဆဲလ်ဘတ်တိုက်စစ်မှူး ဘရန်ဒန် အာရွန်ဆန်ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်လက်ရွေးစင် လူငယ်ကြယ်ပွင့် အာရွန်ဆန်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ သဘောတူညီမှုရဖို့ ခက်ခဲနေသေးတဲ့အတွက် လိဒ်စ်ယူနိုက်တက်အနေနဲ့ နောက်ထပ်ပစ်မှတ်ကို ရှာဖွေနေတာ ဖြစ်ပါတယ်။
ဒီထဲကမှ လီဗာပူးလ် ကွင်းလယ်တိုက်စစ်မှူး မီနာမီနိုဟာ လိဒ်စ်ယူနိုက်တက်အတွက် စိတ်ဝင်စားစရာ ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပြီး အသက် ၂၇ နှစ်အရွယ် ဂျပန်လက်ရွေးစင် ကစားသမားကို ယခုနှစ်ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
အဆိုပါ လီဗာပူးလ်ကွင်းလယ် တိုက်စစ်မှူးဟာ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ တစ်ပွဲမှ ပွဲထွက်ကစားခွင့်မရသေးပေမယ့် လူစားလဲဝင်ရောက်ကစားခဲ့တဲ့ ၈ ပွဲမှာ သွင်းဂိုး ၂ ဂိုးအထိ သွင်းယူပေးထားတာ ဖြစ်ပါတယ်။
Photo : The Independent
ဒါ့အပြင် ၎င်းဟာ ချန်ပီယံလိဂ်မှာ ၄ ပွဲ ပါဝင်ကစားထားပြီး ကာရာဘောင်ဖလားပြိုင်ပွဲမှာ ၅ ပွဲ ကစားထားကာ သွင်းဂိုး ၄ ဂိုး သွင်းယူပေးထားတာဖြစ်ပါတယ်။
မီနာမီနိုဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဆောက်သမ်တန်အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး အကယ်၍ လီဗာပူးလ်အသင်းသာ ပေါ်တိုအသင်း တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မီနာမီနိုအနေနဲ့ အန်ဖီးလ်မှာ အခုထက် အခွင့်အရေးပိုမို လျော့နည်းသွားတော့မှာပဲ ဖြစ်ပါတယ်။
Featured Photo : Daily Mail