လိဒ်စ်ယူနိုက်တက်ကြယ်ပွင့် ကယ်လ်ဗင် ဖိလစ်က မန်ချက်စတာယူနိုက်တက်အသင်းဆီကနေ စိတ်ဝင်စားမှု ခံနေရချိန်မှာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပြီး အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

Kalvin Phillips

Photo: Eurosport

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနှစ်မှာ အင်္ဂလန်ကွင်းလယ်ကစားသမားကို စိတ်ဝင်စားလာတယ်လို့ ဖော်ပြခံခဲ့ရတာဖြစ်ပြီး ယာယီနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်ဟာ အသက် ၂၆ နှစ်အရွယ်ကစားသမားကို အလွန်နှစ်သက်သူဖြစ်တယ်လို့ သိရပါတယ်။ အိုးထရက်ဖို့ဒ်က ယာယီနည်းပြရာထူးအတွက် အင်တာဗျူးဖြေခဲ့စဉ်တုန်းက ရန်းနစ်ခ်ဟာ အသင်းရဲ့အားနည်းချက်က ကွင်းလယ်ဖြစ်တယ်လို့ သတ်မှတ်ခဲ့ပြီး အသင်းအနေနဲ့ ကယ်လ်ဗင် ဖိလစ်ကို ခေါ်ယူဖို့ ကြိုးပမ်းသင့်တယ်လို့ အကြုံပြုခဲ့သလို ဒေါ့မွန်ကြယ်ပွင့် ဘယ်လ်လင်ဂမ်နဲ့ လိုက်ပ်ဇစ်ကြယ်ပွင့် ဟိုင်ဒါရာတို့ကိုလည်း ခေါ်ယူဖို့ အကြုံပြုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းယူနိုက်တက်အသင်းက ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ သတ်မှတ်ထားတဲ့ ဒီကလန် ရိုက်စ်ထက် လိဒ်စ်ကွင်းလယ်ကြယ်ပွင့်ကို ဦးစားပေးခေါ်ယူသွားမှာဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဖိလစ်ဟာ လက်ရှိမှာတော့ ပြင်းထန်တဲ့ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပြီး ပရီးမီးယားလိဂ် ဒုတိယရာသီမှာ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့အသင်းနဲ့အတူ ကွင်းထဲမှာ ပြန်ကစားနိုင်ဖို့ကိုပဲ အာရုံစိုက်နေတယ်လို့ ပြောကြားပါတယ်။

Kalvin Phillips

Photo: Mirror

မန်ချက်စတာယူနိုက်တက်နဲ့အတူ လီဗာပူးလ်အသင်းကလည်း ကယ်လ်ဗင် ဖိလစ်ကို နှစ်သက်နေတာဖြစ်ပေမယ့်လည်း အင်္ဂလန်ကွင်းလယ်ကစားသမားက လိဒ်စ်ယူနိုက်တက်အသင်းမှာ ရှိနေရတာကို ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်၊ ပရီးမီးယားလိဂ်ကနေ အင်္ဂလန်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမား ဖြစ်လာတာက ကျွန်တော့်ကို မျက်စိဖွင့်ပေးလိုက်တာဖြစ်ပြီး ငါ ဒီဟာကို လုပ်နိုင်တယ်ဆိုတာကို သိသွားစေခဲ့ပါတယ်။ အရာအားလုံးက အတူတကွ ဖြစ်လာခဲ့ကြပြီး အလုပ်ကြိုးစားမှုက ကျွန်တော် ရှိနေချင်တဲ့ နေရာကို ရောက်အောင် ပို့ဆောင်ပေးပါတယ်။ တကယ်လို့ ကျွန်တော် ဒီတိုင်းသာ ဆက်လုပ်နေရင် ကျွန်တော် ဘယ်နေရာမှာရှိနေမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ”

“ကျွန်တော် ကြံ့ခိုင်မှု ပြန်လည်ရရှိဖို့ကိုပဲ အာရုံစိုက်ချင်တာပါ။ ဒါပေမယ့် ကျွန်တော် အသင်းပိုင်ရှင်နဲ့ ပုံမှန်စကားပြောပါတယ်။ ကျွန်တော် စာချုပ်သစ် ချုပ်ဆိုချင်ပါတယ်။ ကျွန်တော် ဒီမှာ အရမ်း ပျော်ရွှင်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: