ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတက်လာခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီသစ်မတိုင်မီ ကြိုတင်ပြင်ဆင်မှုအဖြစ် ပီအက်စ်ဂျီကွင်းလယ်ကြယ်ပွင့် ဂျူလီယန်ဒရက်စ်လာကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပေမယ့် ဂျာမနီကွင်းလယ်ကစားသမားက ၎င်းတို့ရဲ့ ကြိုးပမ်းမှုကို ငြင်းပယ်နေဆဲဖြစ်ပါတယ်။

Photo: Leeds Live

လိဒ်စ်ယူနိုက်တက်ဟာ ယခုနွေရာသီမှာ ဗလင်စီယာအသင်းက ရိုဒရီဂိုကို ခေါ်ယူထားနိုင်ခဲ့ပြီဖြစ်ပြီး RMC Sports ရဲ့ ဖော်ပြချက်အရ ၎င်းတို့ရဲ့ ကစားသမားခေါ်ယူမှုထဲကို ဒရက်စ်လာကိုလည်း ထည့်သွင်းချင်နေတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့ဖလားချန်ပီယံဟောင်း ဒရက်စ်လာဟာ ပီအက်စ်ဂျီအသင်းကို စွန့်ခွာဖို့ ချဉ်းကပ်မှုတိုင်းကို ငြင်းပယ်ခဲ့ပြီး ဘွန်ဒက်စ်လီဂါက ကမ်းလှမ်းမှုတွေကိုလည်း ငြင်းပယ်ပြီး ပဲရစ်မှာ ဆက်နေသွားချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ် ပြင်သစ်ကသတင်းတွေအရ လီဂူးဝမ်းချန်ပီယံဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးဂယက်ရိုက်မှုတွေကို ပြန်လည်ဖာထေးဖို့အတွက် ပေါင် ၅၄ သန်းအထိ ရရှိဖို့လိုအပ်နေတယ်လို့ သိရပြီး L’Equipe ရဲ့သတင်းအရ ပီအက်စ်ဂျီအသင်းဟာ ဒရက်စ်လာကို ရောင်းထုတ်ချင်နေသလို အဲဗာတန်ကွင်းလယ်ကစားသမားဟောင်း အစ်ဒရစ်ဆာဂေး၊ ဂိုးသမား အယ်ဖွန်ဆိုအာရီအိုလာတို့ကိုလည်း ရောင်းထုတ်မယ့်စာရင်းထဲထည့်သွင်းထားတယ်လို့ သိရပါတယ်။

Photo: getfootballnewsfrance

ဝုဖ်ဘတ်ကွင်းလယ်ကစားသမားဟာ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်းဟာ ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပေမယ့် ပဲရစ်မှာ နေရတဲ့ဘဝကို ပျော်ရွှင်နေတာကြောင့် ၎င်းကို စိတ်ဝင်စားစေမယ့်ကမ်းလှမ်းမှုမျိုး ရရှိမှသာ အသင်းကိုစွန့်ခွာမယ်လို့ သိရပါတယ်။